မုန်တိုင်း အကြို ပြင်ဆင် ရေး အခက် အခဲရှိ

Police are guarding Muslim IDP camp outside Sittwe
Image caption စစ်တွေ မြို့ပြင် ဒုက္ခသည် စခန်းက မွတ်ဆလင် တွေကို ရဲတပ်သားတွေ စောင့်ရှောက် နေရာ ပြောင်းပေးနေ

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့ အခါ ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသကို အဓိက ထိခိုက် နိုင်တာမို့ အစိုးရ၊ ကုလသမဂ္ဂ နဲ့ NGO လူမှုဝန်ထမ်း အဖွဲ့ အစည်းတွေက ကြိုတင် ကာကွယ် မှုတွေ လုပ်နေကြ ပါတယ်။

လောလောဆယ် ဘယ်ရေဒီယို လိုင်းကို ဖွင့်လိုက် ဖွင့်လိုက် မဟာစင်မုန်တိုင်းနဲ့ ပတ်သက်ပြီး ခပ်စိပ်စိပ် ထုတ်ပြန် နေပါတယ်။

မေလ ၁၆ ရက်နေ့ လောက်မှာ ကုန်းတွင်းကို ဝင်လိမ့် မယ်လို့ ခန့်မှန်း ထားတဲ့ မုန်တိုင်းနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဦးစီးပြီး မုန်တိုင်း အကြို ကာလ၊ မုန်တိုင်း တိုက်ချိန်နဲ့ မုန်တိုင်းလွန် ကာလ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး အထိ အဆင့် အားလုံးကို ပြင်ဆင်နေ ပါတယ်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ကလည်း စစ်တွေကို အင်္ဂါ နေ့က ရောက်လာခဲ့ ပါတယ်။

အရင် ရက်တွေ ကတည်းက မြေနိမ့်ပိုင်းမှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည် တွေကို ကုန်းမြင့်ပိုင်း တွေဆီ ပို့ပေး နေတယ်လို့ စစ်တွေမြို့မှာ ရှိတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမတ် ဦးအောင်မြကျော်က ပြော ပါတယ်။

မုန်တိုင်း ဗဟိုချက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ကို ဗဟို ပြုပြီး ကုန်းတွင်းပိုင်း ကိုဝင်လိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက် အတိုင်း ဆိုရင် စစ်တွေ မြို့ရဲ့ မြောက်ပိုင်း ကို အပြင်းထန်ဆုံး ထိခိုက် နိုင်ပါတယ်။

အစိုးရနဲ့ ကုလသမဂ္ဂတို့က ပြင်ဆင် မှုတွေ လုပ်နေတယ် ဆိုပေမဲ့ အခက် အခဲတွေ ကတော့ အများကြီး ရှိနေ ပါတယ်။

စစ်တွေမြို့ နားမှာ ဆိုရင် အစိုးရက ထုတ်ပြန် ကြေညာ ခဲ့တာ တွေဟာ တကယ့် လက်တွေ့နဲ့ ကွာခြား နေတာတွေ ရှိတယ်လို့ သက္ကယ်ပြင် စခန်း နားမှာ ရှိနေတဲ့ မွတ်ဆလင် တစ်ယောက်က ပြောပါတယ်။

သက္ကယ်ပြင် မှာ အာရဘီ ကျောင်းနဲ့ စာသင်ကျောင်း တွေမှာ ရှိတဲ့ ဒုက္ခသည် တွေဟာ ဘယ်ကိုမှ မသွားဘဲ ရှိနေကြတယ်လို့ သူက ဆိုပါတယ်။ တချို့ မွတ်ဆလင် ဒုက္ခသည်တွေ အနေနဲ့ စစ်တပ်က ကားတွေနဲ့ ကူညီ ရွှေ့ပြောင်း ပေးနေ တာတွေကို သံသယ ရှိတဲ့ အတွက် မလိုက်ချင်ဘူးလို့ ငြင်းနေ ကြတာ တွေလည်း ရှိနေပါတယ်။

အိုးအိမ် စွန့်ခွာပြီး တခြားမှာ ခိုလှုံ နေရတဲ့ ဒုက္ခသည် တစ်သိန်း လေးသောင်း လောက် အတွက် မိုးမကျခင် အမိုး အကာတွေ အချိန်မီ ရရှိရေးကို အစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်း ဆောင်ရွက် နေပေမဲ့ အဆင်သင့် မဖြစ် သေးပါဘူး။

ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည် တွေကို အတူထားဖို့ ဆိုတာလည်း အခု အချိန်မှာမ ဖြစ်နိုင်သေး သလို မုန်တိုင်းဒဏ်ကို ခံနိုင် လောက်တဲ့ အဆောက်အဦ ကလည်း သိပ်များများ စားစား မရှိ တာကြောင့် ကယ်ဆယ်ရေး လုပ်နေ ကြသူတွေ အတွက် အခက်အခဲတွေ အများကြီး ကြုံတွေ့ နေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ