လပ်ကီးရှူးဖိနပ်စက်ရုံ လုပ်သားဆန္ဒပြ

_bbc_factory_
Image caption စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ ၃ က မြန်မာပိုင် လပ်ကီး ရှူးဖိနပ် စက်ရုံမှ အလုပ်သမား ၃ဝဝ ကျော် က အစိုးရ ရုံးပိတ်ရက် တွေ မှာ လစာ အဖြတ်ခံ ရတဲ့ အတွက် အလုပ်မဆင်းကြပဲ ဆန္ဒ ထုတ်ဖေါ် နေကြ ပါတယ်။ ပိတ်ရက်တွေ မှာ လစာ မရတဲ့ အတွက် လုပ်သားတွေ ရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ကြရပုံ ကို ဘီဘီစီ ကို ပြောပြ ပါတယ်။

အထူးသဖြင့် သင်္ကြန် ရုံးပိတ်ရက် အတွင်း အစိုးရ မှ ပိတ်ရက် ၁ဝ ရက်သတ်မှတ် ခဲ့တဲ့ အပေါ်မှာ လုပ်ခငွေ ကို ဖြတ်တောက် ပစ်ပုံ၊ သင်္ကြန် ကာလ လို နေ့ကြီးရက်ကြီး တွေ ရောက်တိုင်း ရုံးပိတ်ရက်တွေ မှာ လစာ အဖြတ်ခံရပုံ ကို စက်ရုံ အလုပ်သမ တယောက် က ဘီဘီစီ ကို ရှင်းပြတာပါ။

လုပ်ခ လစာ မတိုးတဲ့ အပြင် အခုလို လစာ အဖြတ် ခံရလို့ မိသားစု စားဝတ်နေရေး ပါ ထိခိုက်ရာက ရတဲ့ ဝင်ငွေ အပေါ် မနည်းရပ်တည် နေရကြောင်း၊ ဒီပြဿနာ ပြေလည်စေရေး အတွက် အလုပ်သမား ကိုယ်စားလှယ်တွေ နဲ့ အလုပ်ရှင် ဆွေးနွေးရာမှာ လိုက်လျောမှု မရှိလို့၊ ဒီ လပ်ကီး ရှူးဖိနပ် စက်ရုံမှ အလုပ်သမား ၃၇ဝ ဟာ ဖြတ်တောက်ခံ ရတဲ့ လစာ မရမချင်း ဆန္ဒ ထုတ်ဖေါ်သွားမယ့် အကြောင်း ရှင်းပြပါတယ်။

မန္တလေး က အောင်စိန် အထည်ချုပ် စက်ရုံ မှာ လတ်တလော ဖြစ်ပွားတဲ့ ဆန္ဒပြမှု ကတော့ ပြေလည်သွားပြီး၊ လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုံ က စံကောင်း ပီနံ အိတ် စက်ရုံမှာလည်း အလုပ်သမား ၄၉ ယောက် အလုပ်ထုတ်ခံထိတဲ့ ပြဿနာ ကတော့ မပြေလည်းသေးကြောင်း လည်း ကြားရပါတယ်။