ဆိုင်ကလုန်း ကနေ့ ဝင်မယ် ခန့်မှန်း

  • 16 မေ 2013
cyclone
Image caption စစ်တကောင်းနဲ့ မောင်တောကြားက ကမ်းရိုးတန်း ဝင်နိုင်

ကနေ့ မနက် ၅ နာရီ ခွဲ တိုင်းထွာချက် အရ အင်အားပြင်း မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဟာ စစ်တွေမြို့ အနောက်ဘက်မိုင် ၁၈ဝ ခန့် ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ၊ မောင်တောမြို့ အကြား ကမ်းခြေကို နောက် ၁၂ နာရီ အတွင်း ဖြတ်ကျော်မယ်လို့ ခန့်မှန်း ထားပါတယ် ။

ဆိုင်ကလုန်း မုန်တိုင်း ကမ်းခြေ ဖြတ်ကျော်စဉ် လေတိုက်နှုန်း တနာရီ မိုင် ၆ဝ က ၇ဝ အထိ တိုက်ခတ် နိုင်ပါတယ်။

မုန်တိုင်းကြောင့် မြင့်တက် နိုင်တဲ့ ရေလှိုင်းအမြင့် တွေက မောင်တော မြို့နယ် ကမ်းခြေမှာ ၈ ပေက ၁ဝ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေမှာ ၆ ပေက ၈ ပေခန့်နဲ့ ကျောက်ဖြူ ခရိုင် ကမ်းခြေမှာ ၄ ပေက ၆ ပေ ခန့် လို့ သိရပါတယ်။

မုန်တိုင်းကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း တွေနဲ့ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ် တွေမှာ မြေပြိုတာ၊ လျှပ်တပြက် ရေကြီး တာတွေနဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် မှာ မကြာခဏ မိုးသက်လေပြင်း ကျပြီး လှိုင်းကြီးနိုင် ပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေဟာ တနာရီ မိုင် ၆ဝ က မိုင်၇ဝ ထိ တိုက်ခတ် နိုင်ပါတယ်။

ကယ်ဆယ်ရွှေ့ပြောင်းပေး

ထောင်နဲ့ချီတဲ့ စေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သား တွေကလဲ သန်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကို မုန်တိုင်းကာ ကွန်ကရစ် အဆောက်အအုံတွေဆီ ရွှေ့ပြောင်း ပေးနေကြပါတယ်။ ဒါပေမဲ့ အဆောက်အအုံ အလုံအလောက် မရှိဘူး ဆိုတဲ့ ပူပန် စိုးရိမ်မှုတွေလဲ ရှိနေပါတယ်။

မုန်တိုင်း အန္တရာယ် ခြိမ်းခြောက် ခံနေရတဲ့ ရခိုင်ဘက်က စစ်တွေ၊ ပေါက်တော မြို့တွေ မှာလဲ အလားတူ ရွှေ့ပြောင်းမှုတွေ လုပ်ပေးနေပါတယ်။

ရွှေ့ပြောင်း လုပ်ဆောင် ပေးနေမှုတွေနဲ့ ပတ်သက်ပြီး စားနပ် ရိက္ခာ အလုံအလောက် ဖြည့်တင်း ထားပေးတယ်လို့ ကုလ သမဂ္ဂ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီမုန်တိုင်းကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် ထောင်ပေါင်း များစွာ အတွက် အထူး စိုးရိမ်ရတဲ့ အနေအထား ရှိပါတယ်။

အာဏာပိုင် တွေကို မယုံကြည်လို့ ၊ နေရာဟောင်း ပြန်မရမှာ စိုးလို့ ယာယီ တဲစခန်း တွေကနေ ရွှေ့ဖို့ ငြင်းဆန် နေကြသူတွေလဲ ရှိပါတယ်။

ဒုက္ခသည် ရှစ်သောင်း လောက် အတွက် အစာရေစာနဲ့ သန့်ရှင်းရေး အထောက် အကူပြု ပစ္စည်းတွေ စတာလင် ပေါင် ၄ သန်းခွဲ ဖိုးလောက် ဝေငှ ဖြန့်ဖြူး သွားမယ် လို့ ဗြိတိသျှ အစိုးရ နိုင်ငံတကာ တိုးတက်ရေး ၀န်ကြီး အလန် ဒန်ကင်း က ကြေညာ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ