မဟာစင်မုန်တိုင်း ဘေးလွတ်ရာကို လူသိန်းနဲ့ချီ ရွှေ့ပြောင်းပေးနေ

Image caption ဘုန်းကြီးကျောင်းတခုမှာ ခိုလှုံနေတဲ့ မုန်တိုင်း ဒုက္ခသည်တွေ

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတွေကို ကြာသပတေးနေ့မှာ စတင် ဝင်ရောက်နိုင်တဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းပတ်သက်တဲ့ ကြိုတင် ပြင်ဆင်မှုတွေကို အစိုးရက ဆောင်ရွက်နေတဲ့အကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ အစိုးရဝန်ကြီး တွေက ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ရှင်းပြခဲ့ပါတယ်။

မဟာစင် မုန်တိုင်း ကုန်းတွင်းကို ဝင်လာတဲ့အခါ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ရခိုင်ပြည်နယ် တခုလုံးမှာ လူ တသိန်း ခြောက်သောင်းကျော်၊ အိမ်ထောင်စု အားဖြင့်ဆိုရင် တသောင်း ကိုးထောင်ကျော်ကို ကုန်းမြင့်ပိုင်း နေရာတွေဆီကို ရွှေ့ပြောင်းပေးခဲ့ ပြီးပြီလို့ အမျိုးသား စီမံကိန်းနဲ့ဖွံ့ဖြိုး တိုးတက်ရေး ဌာန ဝန်ကြီး ဦးတင်နိုင်သိန်းကပြောပါတယ်။

အဲဒီထဲမှာ ဘင်္ဂါလီလို့ အစိုးရက သတ်မှတ်တဲ့ မွတ်ဆလင် ဦးရေ စုစုပေါင်း ၂၇၀၀၀ ကျော်ပါ၀င်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းကဆိုပါတယ်။

ခုလို ဘေးလွတ်ရာကို ရွှေ့ပြောင်းတဲ့နေရာမှာ ဘာသာ လူမျိုး မခွဲခြားဘဲ လူသားချင်း စာနာတဲ့ မူနဲ့သာ ဆောင်ရွက်တဲ့အကြောင်းလည်း ဦးအောင်မင်းကပြောပါတယ်။

အစိုးရက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာနဲ့ ပတ်သက်ပြီး မလိုက်ချင်ဘူးလို့ ငြင်းဆန်နေမယ်ဆိုရင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံ ရနိုင်တယ်လို့ ဦးအောင်မင်း က ပြောသွားပါတယ်။

အဲဒီလို နေရာ ရွှေ့ပြောင်းပေးတဲ့နေရာမှာ စစ်တပ်က တာဝန်ယူ ရွှေ့ပြောင်းပေးမှာ ဖြစ်ပြီးလုံခြုံရေးကိုလည်း တာ၀န်ယူကြောင်း၊ စစ်တပ် ဘားတိုက်တွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီ နေရာချထားပေးမှာ ဖြစ်ပြီး မုန် တိုင်း ပြီးသွားတဲ့ အခါ မိမိဆန္ဒ သဘောအတိုင်း မူလနေရာတွေကို ပြန်ရွှေ့ပေးမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေးထားကြောင်း ဦးအောင်မင်းက ရှင်းပြခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းတို့လည်း တက်ရောက်ကြ ပါတယ်။

ပွင့်လင်း မြင်သာဖို့ အတွက် မြန်မာအစိုးရက ခုလိုဆောင်ရွက်လာတာကို ချီးကျူးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောပါတယ်။

တချိန်ထဲမှာဘဲ အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စင်တာတခုကို မုန်တိုင်း မတိုင်ခင်ကတည်းက စစ်တွေမြို့မှာ ဖွင့်လှစ်ဖို့ တိုက်တွန်းထားတာ ရှိကြောင်း၊ ဒါကို ခုချိန်အထိ မထူထောင်ရသေးတာမို့ အခုအချိန်မှာ ချက်ချင်း ဆောင်ရွက်ဖို့ သင့်ကြောင်းလည်း အကြံပြု ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရဖက်က ဒါနဲ့ ပတ်သက်လို့ ဘယ်လို ဆောင်ရွက်မယ် ဆိုတာကို တိတိကျကျ တုံ့ပြန်တာ မရှိပါဘူး။

ဒါပေမယ့် မုန်တိုင်းနဲ့ ပတ်သက်လို့ သူတို့ ဘာတွေ ပြင်ဆင်ထားတယ် ဆိုတာ ကိုတော့ ပြည့်ပြည့်စုံစုံ ပြောသွားခဲ့ပါတယ်။

မုန်တိုင်းဒဏ် ခံရမှု အနည်းဆုံး ဖြစ်အောင် အစိုးရဖက်က သိပ်သတိထားတယ် ဆိုတာ ကတော့ မြင်သာနေပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ် စတင်မယ့် ရက်အတိအကျ ကိုတောင် မုန်တိုင်းရဲ့အခြေအနေပေါ် မူတည်ပြီး ကြေညာမှာ ဖြစ်တယ်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။