ပစ်ခတ်မှု SSA လက်ချက်လို့ စွပ်စွဲ

  • 15 မေ 2013
shan
Image caption RCSS/SSA လက်ချက်လို့ အစိုးရ သတင်းစာ စွပ်စွဲ

ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း နောင်မတာ ရွာနားက ဓာတ်ငွေ့ အလုပ်စခန်း နားကို လက်နက်ကိုင် တဖွဲ့ ဝင်တိုက်ရာမှာ လူနှစ်ဦး သေဆုံးခဲ့ပြီး RCSS/ SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်ဖွဲ့ ပစ်ခတ်မှု အဖြစ် ဗုဒ္ဓဟူးနေ့ ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြ ပါတယ်။

ဒီစွပ်စွဲ ချက်နဲ့ ပတ်သက်လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် ကို ဘီဘီစီ မှ ဆက်သွယ် မေးမြန်းရာမှာ အကယ်၍ RCSS/SSA လက်ချက် ဆိုရင် အရေးယူ ဖို့ တာဝန်ရှိကြောင်း ရှင်းပြပါတယ်။ အစိုးရ နဲ့ အပစ်အခတ် ရပ်ဆဲထားပြီ ဖြစ်လို့ ဖေါက်ဖျက်ဖို့ မလိုလားကြောင်း လည်း ပြောပြပါတယ်။

အစိုးရတပ် ဘက် ကလဲ မေလ ဆန်းပိုင်း က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှု တွေ ရှိခဲ့ကြောင်း၊ အဆိုပါ ဒေသ မှာ RCSS/SSA တပ်ဖွဲ့ အပြင်၊ ကေအိုင်အေ၊ ပလောင်တပ်၊ SSA မြောက်၊ ဒေသခံ ပြည်သူ့စစ် အပြင် တရားမဝင် လက်နက်ကိုင် မူးယစ်ဂိုဏ်း တွေ လည်း ရှိလို့ ဘယ်လို အထောက်အထား နဲ့ စွပ်စွဲ တယ် ဆိုတာ ကို နှစ်ဘက်စလုံး စုံစမ်းဖို့ လိုကြောင်း စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

စစ်ဆေးတဲ့ နေရာမှာ အချိန် လိုပုံ၊ RCSS/SSA တပ်ဟာ ထိုင်း နယ်စပ်မှာ အခြေစိုက်တာ ဖြစ်ပြီး အခု တိုက်ခိုက်မှု ဖြစ်တဲ့ နေရာက တရုတ်နယ်စပ် ဖြစ်နေတဲ့ အတွက် စုံစမ်းပြီးမှသာ အမှန် ကို ထုတ်ဖော် ပြောနိုင် မယ် လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အရင်ကလဲ အစိုးရ ထောက်လှမ်းရေးလို့ ယူဆရတဲ့ လူ ၄- ၅ ယောက် ပျောက်မှုကို RCSS/ SSA လက်ချက်လို့ အစိုးရက စွပ်စွဲ ခဲ့ဖူးပြီး အရေးယူ စုံစမ်းလို့ မရသေးဘူး လို့လဲ သိရပါတယ်။

အောက်ခြေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တွေဟာ အထက်က မူချ ဆောင်ရွက်နေတာ မဟုတ်ဘူးလို့ နှစ်ဘက် စလုံးက ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ