နမ့်ခမ်းမြို့နယ်တွင်း တိုက်ပွဲဖြစ်

  • 15 မေ 2013
shan_304x171_kyemon
Image caption ကြေးမုံသတင်းစာပါ ရှမ်းအဖွဲ့လက်ချက်လို့ဖေါ်ပြ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာ ရွာနားက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ အလုပ် စခန်းနား ကို လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ လူနှစ်ဦး သေဆုံး ခဲ့ရပြီး အဲဒီ လက်နက်ကိုင် တပ်ဖွဲ့ဟာ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ တပ်ဖွဲ့ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ ထုတ် အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီရေးသားချက်နဲ့ ပတ်သက်လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလောဝ်ဆိုင် ကို ဘီဘီစီ မှ ဆက်သွယ် မေးမြန်းရာမှာ အကယ်၍ RCSS/SSA လက်ချက် ဆိုရင် အရေးယူ ဖို့ တာဝန်ရှိကြောင်း ရှင်းပြပါတယ်။ အစိုးရ နဲ့ အပစ်အခတ် ရပ်ဆဲထားပြီ ဖြစ်လို့ ဖေါက်ဖျက်ဖို့ မလိုလားကြောင်း လည်း ပြောပြပါတယ်။

အစိုးရတပ်ဖက် ကလည်း မေလ ဆန်းပိုင်း က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှု တွေ ရှိခဲ့ကြောင်း၊ အဆိုပါ ဒေသ မှာ RCSS/SSA တပ်ဖွဲ့ အပြင်၊ ကေအိုင်အေ၊ ပလောင်တပ်၊ SSA မြောက်၊ ဒေသခံ ပြည်သူ့စစ် အပြင်၊ တရားမဝင် လက်နက်ကိုင် မူးယစ်ဂိုဏ်း တွေ လည်း ရှိလို့ ဘယ်လို အထောက်အထား နဲ့ စွပ်စွဲ တယ် ဆိုတာ ကို နှစ်ဖက်စလုံး စုံစမ်းဖို့ လိုကြောင်း ဦးစိုင်းလောဝ်ဆိုင် က ပြောပါတယ်။

စစ်ဆေးတဲ့ နေရာမှာ လည်း အချိန် လိုပုံ၊ RCSS/SSA တပ်ဟာ ထိုင်း နယ်စပ်မှာ အခြေစိုက်တာ ဖြစ်ပြီး အခု တိုက်ခိုက်မှု ဖြစ်တဲ့ နေရာက တရုတ်နယ်စပ် ဖြစ်နေတဲ့ အတွက် စုံစမ်းပြီးမှသာ အမှန် ကို ထုတ်ဖေါ် ပြောနိုင် မယ် လို့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလောဝ်ဆိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။