ဦးသိန်းစိန် မေ ၂ဝ အိုဘားမားနဲ့ တွေ့မယ်

  • 16 မေ 2013
us burma
Image caption ရန်ကုန်လာတဲ့ ပထမဆုံး အမေရိကန် သမ္မတ အိုဘားမား

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမား ဝါရှင်တန် မြို့တော်က အိမ်ဖြူတော် မှာ မေလ ၂ဝ ရက်နေ့မှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ကြေညာ ပါတယ်။

ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မစ္စတာ အိုဘားမားနဲ့ မြန်မာ့ ဒီမိုကရေစီရေး ကိစ္စ၊ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခ တွေ အကြောင်း၊ မြန်မာ ပြည်သူ တွေရဲ့ စီးပွားရေး အခွင့်အလမ်း ကိစ္စတွေ ဆွေးနွေးလိုကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒါဟာ ၄၇ နှစ် အတွင်း မြန်မာ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး မြန်မာ အမေရိကန် ဆက်ဆံရေးတွေ ပြန်လည် တိုးမြှင့်လာမလား ခန့်မှန်း နေကြပါတယ်။

ဝါရှင်တန် မြို့တော် ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေး ကျောင်းမှာ ဦးသိန်းစိန် မိန့်ခွန်းပေးဖို့ ရှိတယ်လို့လဲ သိရပါတယ်။

မနှစ် အောက်တိုဘာက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပေးဖို့ နယူးယော့မြို့ကို ဦးသိန်းစိန် ရောက်ခဲ့ပေမယ့် အမေရိကန် သမ္မတနဲ့ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

မကြာခင်က အမေရိကန်က မြန်မာ စစ်အစိုးရ အကြီးအကဲဟောင်းတွေကို ဗီဇာ ပိတ်ပင်မှု ပယ်ဖျက် လိုက်ပြီးနောက် ပထမဆုံး အမေရိကန် ရောက်လာတဲ့ မြန်မာ အစိုးရ ခရီးစဉ်လဲ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာလက အာစီယံ ထိပ်သီးဆွေးနွေးပွဲ တက်ဖို့လာရင်း အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်မှာ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီး ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပေး ခဲ့ပါတယ်။

ဟို အရင်ကလဲ အမေရိကန် သမ္မတ ရူးစဗဲ့နဲ့ မြန်မာ အစိုးရ နန်းရင်းဝန် ဂဠုန် ဦးစောတို့ မြန်မာပြည် လွတ်လပ်ရေး အတွက် ၁၉၄၂ ခုနှစ် နှစ်ဆန်းက ဝါရှင်တန်မှာ တွေ့ဆုံခဲ့ဖူးပြီး မင်းတုန်းမင်း လက်ထက်က စပြီး မြန်မာ အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့ ပါတယ်။

လမ်းစဉ် ပါတီခေတ် မြန်မာ သမ္မတဟောင်း ဦးစန်းယု အမေရိကန်မှာ စစ်ပညာ သင်ယူခဲ့ဖူး သလို ယခင် စစ်အစိုးရ ခေါင်းဆောင်ပိုင်းမှာလဲ အမေရိကန်ပြန် စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ