မဟာစင် မုန်တိုင်း မြန်မာ ကနေ ကွေ့ထွက်သွား

  • 16 မေ 2013
Cyclone Mahasen
ပိုင်ဆိုင် သမျှ ပစ္စည်းတွေကိုသယ်၊ ကလေးတွေကို ခေါ်ပြီး မုန်တိုင်းကို ရှောင်ပြေး ခဲ့ကြ

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၆ ရက် ကြာသပတေးနေ့ ညနေက ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသကို ဖြတ်ကျော် ပြီး ကုန်းတွင်း ပိုင်းကို ဝင်ရောက် သွားခဲ့ ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းရဲ့ အကြွင်း အကျန် အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာ နိုင်ငံ နယ်စပ် ဘက်မှာ ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လက် တည်ရှိ နေတယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာနက ပြောပါတယ်။

အဲဒီ မုန်တိုင်းက အရှေ့မြောက် ဘက်ကို ဆက်လက် ရွေ့လျား သွားပြီး တဖြည်းဖြည်း အားလျော့ ပျက်ပြယ် သွားမယ်လို့ လည်း ခန့်မှန်းထား ပါတယ်။

အများ အားဖြင့် ကုန်းတွင်း မုန်တိုင်းတွေဟာ ၂၄ နာရီ ကနေ ၃၆ နာရီလောက် အထိ ကုန်းတွင်းပိုင်းမှာ ရှိနေ တတ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းဟာ ပင်လယ်ပြင်မှာ ရှိနေတဲ့ မုန်တိုင်းလောက် ဘေးအန္တရာယ် မရှိဘဲ ရေငွေ့တွေ စုပြီး မိုးရွာ တာသာ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီကို ပြောပါတယ်။

ကုန်းတွင်း မုန်တိုင်းကြောင့် မိုးများ နိုင်ပြီး မိုးမကြိုက်တဲ့ အပင်တွေ ထိခိုက် နိုင်တာ၊ တောင်ပေါ်မှာ မိုးရွာတဲ့ အတွက် မြေပြိုတာ၊ တောင်ပေါ် ကားလမ်းတွေ ပျက်စီးတာ တွေ အပြင် တောင်ကျ ရေတွေ အလုံး အရင်းနဲ့ ဆင်း လာပြီး ရုတ်တရက် ရေကြီးတဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လေတိုက်နှုန်း အားဖြင့် ကုန်းတွင်း မုန်တိုင်းက တစ်နာရီကို ၃၅ မိုင် လောက်သာ တိုက်ခတ် နိုင်တဲ့ အတွက် အိမ်တွေ အမိုး အကာ ပျက်စီးတာ မရှိနိုင်ဘဲ လူသေကြေတာ လည်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။

မဟာစင် မုန်တိုင်း အားပျော့ သွားပေမဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ မိုးသည်းထန် နိုင်တယ်လို့ မိုးလေ ဝသနဲ့ ဇလ ဗေဒဦးစီးဌာနက ခန့်မှန်းထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ