မောင်တောမှာ မဟာစင်မုန်တိုင်းဒဏ် သိပ်မခံလိုက်ရ

Image caption မုန်တိုင်း ဝင်နိုင်မယ်လို့ ကြေညာထားတဲ့ စစ်တွေမြို့က ဒုက္ခသည်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြ

မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားမြို့ ကြားကို မဟာစင် ဆိုင်ကလုန်း မုန်တိုင်း အဓိက ဖြတ်သန်း တိုက်ခတ်မယ်ဆိုတဲ့ အတွက် နှစ်ဘက် နိုင်ငံစလုံးက ကြိုတင် ပြင်ဆင်မူတွေ အကြီးအကျယ် ပြုလုပ်ထား ခဲ့ပါတယ်။

ဒါပေမယ့် မောင်တောဘက်ကို မ၀င်ဘဲ လမ်းကြောင်း ပြောင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကိုပဲ ဖြတ်ကျော် ၀င်ရောက်သွားခဲ့ပါတယ်။

မုန်တိုင်းဟာ အစပိုင်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ ခန့်နဲ့ ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်းကို ၀င်ရောက်ခဲ့ရာမှာ ပေါတာဝါလီနဲ့ ဘိုလာ ခရိုင်မှာ အိမ်ပေါင်း ရာချီ ပြိုကျပျက်စီးသွားပြီး တစ်နိုင်ငံလုံးအနေနဲ့ အနည်းဆုံး လူ၁၂ ဦး သေဆုံးခဲ့ပါတယ်။

မောင်တော မြို့နယ်နဲ့ မျက်နှာချင်းဆိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရှိတဲ့ မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွေမှာတော့ လေပြင်း တိုက်ခတ်မူတွေပဲ ရှိခဲ့ပြီး အပျက်အစီးတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

မဟာစင် မုန်တိုင်း ဝင်နိုင်တယ်လို့ ကြေညာထားတဲ့ စစ်တွေမြို့မှာ အနီးတဝိုက် ပင်လယ်ပြင်နဲ့ နီးတဲ့ ရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက လူတွေကို ပြောင်းရွှေ့ နေရာချထားပေးခဲ့ပါတယ်။

တချို့ အမျိုးသားတွေက ပစ္စည်းစောင့်တဲ့ အနေနဲ့ မပြောင်းရွှေ့ပဲ ကိုယ့်နေရာမှာ ကိုယ်အဆင်ပြေသလို နေကြတာ ရှိပြီး တချို့ကတော့ ဘုန်းကြီးကျောင်း၊ ဗလီနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

အခုအခါ မှာတော့ ရာသီဥတု အခြေအနေ ကောင်းသွားပြီ ဖြစ်လို့ မကြာခင်မှာ ဒုက္ခသည် စခန်းတွေကို ပြန်ရလိမ့်မယ်လို့ စစ်တွေမြို့က ဒုက္ခသည်တွေက ပြောပါတယ်။

မြေပုံမြို့က အစ္စလာမ် ဒုက္ခသည်စခန်းက အိမ်ခြေ ၆ဝဝ ကျော်ကိုလည်း မုန်တိုင်း အကာအကွယ်အတွက် သမဝါယမရုံးကို ရွှေ့ပြောင်းပေးဖို့ စီစဉ်ခဲ့ပေမယ့် ကန့်ကွက်သူတွေ ရှိလို့ အားလုံး ပြောင်းခွင့်မရခဲ့ပဲ မိသားစု တရာလောက်ဘဲ စာသင်ကျောင်း တခုကို ပြောင်းရွှေ့ခွင့် ရခဲ့တယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။