ဘေးလွတ်ရာ ပြောင်းဖို့ မုန်တိုင်း မဝင်ခင် လေးမှာ ကုလပြော

  • 16 မေ 2013
Image caption ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းခဲ့

မဟာစင် မုန်တိုင်းနဲ့ ပတ်သက်လို့ အစိုးရ ဖက်ကရော၊ ကုလ သမဂ္ဂဖက် ကပါ ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့သလို၊ ကုန်းတွင်းပိုင်းကို မုန်တိုင်း မ၀င်ရောက်ခင် နာရီပိုင်း အလိုမှာဘဲ လူတွေကို နေရာ ရွှေ့ပြောင်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်း နှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးစု ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေကြရသူ တသိန်း သုံးသောင်းလောက်အထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတဲ့ အနက် မုန်တိုင်းမလာခင် ဗုဒ္ဓဟူးနေ့ကအထိ ကုန်းမြင့် ပိုင်းကို ရွှေ့ပြောင်း ပေးနိုင်တဲ့ အရေအတွက်ဟာ သုံးသောင်းခွဲ လောက်ဘဲ ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Ashok Nigam က ပြောပါတယ်။

လူတွေအားလုံး ဘေးလွတ်ရာကိုရွှေ့ ပြောင်းကြဖို့ တိုက်တွန်း နှိုးဆော်ရတာဟာ တကယ်တော့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်နိုင်တာ မှန်သမျှ အားလုံး လုပ်ဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်တော့ နေရာ အနှံ့အပြားမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို အချိန်တို အတွင်း ရွှေ့ပြောင်းရတာ လွယ်ကူတဲ့ အရေးတော့ မဟုတ်ပါဘူး။

ဒီကြားထဲမှာ လက်ရှိနေရာကနေ မပြောင်းချင်ဘူးဆိုတဲ့ ငြင်းဆန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Hans ten Feld ကလည်း အရေးပေါ် ရွှေ့ပြောင်းဖို့ တကယ်ဘဲ လိုနေပြီ ဆိုတာကို လက်ခံအောင် ပြောရတာ မလွယ်ကြောင်းနဲ့ မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေ နောက်ပိုင်း အာဏာပိုင်တွေ အပေါ် သံသယတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေကြောင်း၊ ကုလသမဂ္ဂအနေနဲ့ ဝိုင်းဝန်း ရှင်းပြ ပေးတာတွေ လုပ်ခဲ့ရကြောင်း ပြောပါတယ်။