နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်

prisoners_released
Image caption လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားများ

မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား တချို့ကို လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ် ပေးလိုက် ပါတယ်။

အခု ပြန်လွှတ်ပေး လိုက်သူတွေထဲမှာ မကြာခင်က မအူပင် ထောင်မှာ ပုဒ်မ ၄၀၁ ထောင်ကြွေးကျန် နဲ့ ကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း ပါဝင် ပါတယ်။

ဗိုလ်ကြီး ဟောင်း နေမျိုးဇင်က သူလွတ်လာတဲ့ အကြောင်းကို အခုလို ပြောပြရာမှာတော့ ဘာမှ လက်မှတ် ထိုးရတာမျိုး မရှိတဲ့အကြောင်း၊ မအူပင် ခရိုင် အုပ်ချုပ်ရေးမှူးက သမ္မတရုံးက ညွှန်ကြားချက် စာမှာ ပါတယ်ဆိုပြီး ပုဒ်မ ၄၀၁ (၁) အရ ချွင်းချက်မရှိ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးလိုက်သည် ဆိုတဲ့ သမ္မတ အမိန့်နဲ့ လွှတ်ပေးတာ လို့ ပြောကြောင်းနဲ့ အခုလို ပြန်လွတ်လာလို့ အင်မတန် ဝမ်းသာတဲ့ အကြောင်း ပြောပါတယ်။

အဲဒီလို ပြန်လွတ်လာသူတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသား တချို့လည်းပါဝင်တယ်လို့ သိရပါတယ်။

ပြန်လွတ်လာကြသူ တွေထဲက အင်းစိန်ထောင်က ပြန်လွှတ် ပေးလိုက်တဲ့ ကို ကံမင်းသာကို ဆက်သွယ် မေးကြည့်တော့ သူ့ကို ကျောင်းသား တပ်မတော် နဲ့ ဆက်သွယ်တယ် ဆိုပြီးထောင်ချ ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ အခု လွှတ်လိုက်တာ ကတော့ ပုဒ်မ ၄၀၁ နဲ့ ချွင်းချက် မရှိ ဖြစ်ကြောင်း နဲ့ လွတ်မယ် ဆိုတာကို မနက် ၁၀ နာရီ လောက်မှသိရကြောင်း ပြောပါတယ်။

အခု သမ္မတကြီး အမေရိကန် ခရီးစဉ် ကြောင့် လွှတ်ပေးလိုက်တာ လို့ ထင်ကြောင်းနဲ့ ထောင်ထဲမှာ အယောက် ၂၀ နီးပါးတော့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

အခုလို အကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အဖွဲ့မှာလည်း ပါတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က လုပ်ငန်း ကော်မတီဝင်လည်းဖြစ်တဲ့ ဦးရဲအောင်ကို ဆက်သွယ် မေးကြည့်တော့ အင်းစိန်ထောင်က ၁၁ ဦး၊ သာယာဝတီ ထောင်က ၅ ဦး၊ တောင်ငူထောင်က ၂ ဦး၊ မန္တလေးထောင်က ၁ ဦး၊ မအူပင်ထောင်က ၁ ဦး၊ လာရှိုးထောင်က ၁ ဦး၊ တောင်ကြီး ထောင်က ၁ ဦးနဲ့ ပုသိမ်ထောင်က ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီ ထောင်က လွှတ်တဲ့ ၅ ဦးစလုံးက ကျောင်းသား တပ်မတော်နဲ့ ပတ်သက်တဲ့ လူတွေချည်းပဲ လို့လည်း ဆိုပါတယ်။ အခုအခါမှာ အချုပ်အနှောင် အတားအဆီး မပါဘဲ လွှတ်ပေး လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတ ခရီးစဉ်နဲ့ ဆက်စပ်မှု ရှိမယ်လို့ ထင်တဲ့အကြောင်း၊ မေလ ၁၁ ရက် အကျဉ်းသား စီစစ်ရေး ကော်မတီရဲ့ နောက်ဆုံး အစည်း အဝေးမှာတောင် မဆွေးနွေး ဖြစ်ခဲ့ဘဲ မလွှတ်ပေးခင် တရက် အလိုမှာ စာရင်းတခုကို လာမေးတဲ့ အကြောင်း ပြောပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန် စေဖို့ အတွက် ဒီလို လွှတ်ပေးတာ သိသာ ထင်ရှားကြောင်း ပြောပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ကလည်း နိုင်ငံရေး အကျဉ်းသား တွေက လဲလှယ်ရေး ကိရိယာ တခုလို ဖြစ်နေတဲ့ အတွက် ဒါမျိုး မဖြစ်သင့်ကြောင်း ပြောပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ရည်စူးပြီး လွှတ်ပေးတာမျိုး ဖြစ်စေချင်ကြောင်း၊ ကိစ္စတခု အတွက် အပေးအယူ သဘောမျိုး တွေ မရှိသင့်ကြောင်း ဆိုပါတယ်။

ဆက်လက်ပြီး ဒီမိုကရေစီ အတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့ရင်လည်း နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ် တဲ့အတွက် သူတို့ ပြန်ထွက် လာရင် ဘဝတွေ ပြန်လည် ထူထောင်ဖို့ ကူညီသွားဖို့ အဆင်သင့်ပဲလို့လည်း ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ