နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာ

pol prisoners
Image caption ပြန်လွတ်လာကြပြီ။

သမ္မတ ဦးသိန်းစိန်ရဲ့ သမိုင်း၀င် အမေရိကန်ခရီးစဉ် မစခင် တရက်အလိုမှာပဲ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မေလ ၁၇ ရက် ညနေ ၅ နာရီအထိ သိရသမျှ အကျဉ်းသား ၂၁ ဦး လွတ်လာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောပါတယ်။

ဒီအထဲမှာ ကျောင်းသားတပ်မတော် အေဘီအက်စ်ဒီအက်ဖ်နဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီး အရေးယူခံထားရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လကမှ ထောင်ချခံခဲ့ရပြီး အရင် ထောင်ကြွေးကျန် ၆ နှစ်ပါ ပေါင်းပြီး ချခံထားရသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်လည်း မအူပင်ထောင်က ပြန်လွတ်လာခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ရဲ့ စာရင်းအရ ထောင်တွေထဲမှာ နိုင်ငံရေးအမှုနဲ့ ကျခံနေရသူ ၂၀၀ နီးပါး ရှိနေသေးတယ်လို့ ဆိုပါတယ်။

အစိုးရဝန်ကြီးတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မီတီကလည်း ကျန်ရှိနေသေးတဲ့ အကျဉ်းသား အရေအတွက်ကို သတ်မှတ်ရာမှာ သဘောကွဲလွဲချက်တွေ ရှိနေကြပါတယ်။

နိုင်ငံရေးလှုပ်ရှားရင်း ဖမ်းဆီးခံခဲ့ရသူတွေကို ပုဒ်မတပ် ပြစ်ဒစ်ချတဲ့ အခါ ရာဇဝတ်မှု ပုဒ်မတွေနဲ့ ချခဲ့တာ ဖြစ်တယ်လို့ အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ထောက်ပြကြပါတယ်။