ဦးသိန်းစိန် မလာခင် တရက်အလို မြန်မာကို ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု

Image caption မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ မနေ့က သောကြာနေ့ ညက ရန်ကုန်ကနေ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန် မြို့ကို ထွက်ခွာသွားပါပြီ။

ဒါဟာ နှစ်ပေါင်း ၅၀ နီးပါး အတွင်း အမေရိကန် အစိုးရက ပထမဆုံး အကြိမ် ဖိတ်ခေါ်ခဲ့တဲ့ မြန်မာ သမ္မတ တစ်ယောက်ရဲ့ တရားဝင် ခရီးစဉ် ဖြစ်ပါတယ်။

သမ္မတ အိုဘားမားနဲ့ မေလ ၂၀ ရက်နေ့ ကျရင် အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ မယ်လို့ အမေရိကန် အစိုးရ ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

သမ္မတရဲ့ ခရီးစဉ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ ပြန်ကြားရေး စတဲ့ ဝန်ကြီး ဌာန တွေက ဝန်ကြီးတွေနဲ့ ဒုတိယ ဝန်ကြီး ၁၀ ယောက်ကျော် ပါဝင်တယ်လို့ အစိုးရနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက် ဒီနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး ဝါရှင်တန်မှာ ရှိတဲ့ မြန်မာ သံရုံး မိသားစု တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မေလ ၁၉ ရက် တနင်္ဂနွေနေ့ မှာတော့ ဝါရှင်တန်မြို့က ဗွီအိုအေရဲ့ အစီအစဉ်နဲ့ အမေရိကန်ရောက် မြန်မာ တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နောက်တနေ့ တနင်္လာနေ့ မနက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး နဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတဦးသိန်းစိန်က ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။

ညပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ သဘော တူညီချက် တချို့ ကိုလည်း လက်မှတ် ရေးထိုးဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

မြန်မာ ဘက်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ဒီခရီးစဉ်မှာ လိုက်ပါ သွားတာကို ကြည့်ရင် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မေလ ၂၁ ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု ကနေ မြန်မာ နိုင်ငံကို ပြန်လည် ထွက်ခွာ လာဖို့ ရှိပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် မလာခင် တရက်မှာဘဲ အမေရိကန် ကွန်ဂရက် အမတ် Joe Crowley က မြန်မာနိုင်ငံကို ကုန်သွယ်ရေး ပိတ်ဆို့မှု သက်တမ်း ထပ်တိုးဖို့ အဆိုပြု ထားပါတယ်။

ဒီခရီးစဉ်ကို လူ့အခွင့်အရေး အဖွဲ့တွေက အချိန်မကျသေးဖူးလို့ ဝေဖန် နေကြပေမယ့် အမေရိကန် ပြည်ထောင်စု North Illinois တက္ကသိုလ်က သမိုင်း ပါမောက္ခ Kenton Clymer ကတော့ သံတမန်ရေး ပုံမှန် ဆက်ဆံ လာနိုင်တဲ့ အခုအခါ ဒီခရီးစဉ်ဟာ အချိန် ကျရောက်ပြီလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ