ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ မေလ ၂၈ ပြန်စမယ်

  • 19 မေ 2013
Image caption ရွှေလီမှာ ကျင်းပခဲ့တဲ့ ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ကေအိုင်အိုနဲ့ အစိုးရကြား ဆွေးနွေးပွဲတွေကို ဒီလ ၂၈ ရက်နေ့ ပတ်ဝန်းကျင်မှာ ကျင်းပဖို့ အကြမ်းဖျဉ်း သဘောတူထားပြီး ဖြစ်ပေမယ့် ရက် အတိအကျကိုတော့ မပြောနိုင်သေးကြောင်း ကေအိုင်အို ဌာနချုပ် လိုင်ဇာက အဆင့်မြင့် အရာရှိကြီး တယောက်က ဆိုပါတယ်။

သူ့အဆိုအရ လတ်တလော စစ်ရေး ဖြစ်ပေါ် မှုတွေက ကေအိုင်အို ဌာနချုပ်ရဲ့ မျက်နှာစာတွေ အပါအဝင် တပ်မဟာ ၄ နယ်မြေ အတွင်းမှာ အစိုးရရဲ့ စစ်တပ်ဖက်က စစ်အင်အားတွေ ဖြန့်ခင်း ချထားတာတွေ ပိုမို များပြားလာနေပြီး အထူးသဖြင့် တပ်မဟာ ၄ နယ်မြေ ထဲမှာ ဆိုရင် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတာတွေ ရှိနေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

လတ်တလော အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ(၄)နယ်မြေ အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တပ်မဟာ (၄)လက်အောက်ခံ-ကေအိုင်အေ တပ်ရင်း(၈) ၊ တပ်ရင်း (၉) ၊ တပ်ရင်း (၁၇) ၊ တပ်ရင်း (၃၄)-စတဲ့တပ်တွေနဲ့ အစိုးရ စစ်တပ်တွေ အကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်၊။

မေလ (၁၇)ရက်နေ့ သောကြာနေ့ ညနေ (၄)နာရီကျော် လောက်မှာ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ‘မန်ကန်’ ဒေသ အတွင်းမှာ တိုက်ပွဲတပွဲ ဖြစ်ပွားခဲ့ပြီး (၁)နာရီကျော် ကြာခဲ့ကြောင်း ရှေ့တန်း စစ်ဖက်ရပ် ကွက်တွေ အဆိုအရ သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉)နဲ့ ရမခ လက်အောက်ခံ အစိုးရ စစ်တပ်တွေ အကြား တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စနေနေ့ မေလ ၁၈ရက်နေ့ မနက် (၈)နာရီခန့် ကလဲ မူဆယ်ခရိုင် မုံးကိုးမြို့နဲ့ ဘန်ဆိုင်းအကြားက ‘နမ့်မဟူး’ရွာအနားမှာလဲ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အထိအခိုက် အကျအဆုံးတွေ ရှိကြောင်း သိရပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တခါ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ kio / kia တို့ အကြား ဆွေးနွေးမှုတွေကို လာမယ့် ၂၈ ရက်နေ့မှာ ကချင်ပြည်နယ် မြစ် ကြီးနား မှာ ပြုလုပ်သွားမယ်လို့ မြန်မာ အစိုးရဖက်ကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။

သမ္မတ အကြံပေး ဦးလှမောင်ရွှေက ပြောကြား လိုက်တာ ဖြစ်ပြီး အရင်က စုစုပေါင်း ၇ ကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်တယ် အခုတကြိမ် ကတော့ ၈ ကြိမ်မြောက်ဖြစ်ပြီး မြစ်ကြီးနားမှာ ပထမဆုံး အကြိမ် ဆွေးနွေးမှု ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ