ကျောင်းသား သမဂ္ဂ အတွက် ရန်ပုံငွေ အဖွဲ့ ဖွဲ့စည်း

  • 18 မေ 2013
student_union_burma
တချိန်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ

မြန်မာ နိုင်ငံမှာ ခေတ်အဆက်ဆက်က ကျောင်းသား နိုင်ငံရေးမှာ ပါဝင် လှုပ်ရှား ခဲ့ကြသူတွေ ထဲက တချို့ဟာ စနေနေ့မှာ ရန်ကုန်က တော်ဝင် နှင်းဆီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီလို တွေ့ဆုံ ဆွေးနွေး ကြရာမှာ ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက် နိုင်ဖို့ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ အဓိက အားဖြင့် ဘယ်လို အရေး တွေကို ဆွေးနွေး ခဲ့ကြသလဲ ဆိုတာကို ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ လွတ်လပ်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းရဲ့ ဥက္ကဌ ဦးထွန်းအောင်ကျော်ကို ဆက်သွယ်မေး ကြည့်တော့ တောင့်တင်း ကြံ့ခိုင်တဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရည်ရွယ်ချက် ကတော့ ကျောင်းသား သမဂ္ဂ ဆိုတာ ကျောင်းသား လွှတ်တော် ဖြစ်လို့ အဲဒီမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေကို လွတ်လွတ် လပ်လပ် ဆွေးနွေးပြီး လိုအပ်ချက် တွေကို ထောက်ပြ နိုင်ကြရင် နိုင်ငံ အစိုးရဘက် မှာလည်း အကျိုးရှိ နိုင်လို့ ဖြစ်ကြောင်း ပြောပါတယ်။

အနာဂတ် ခေါင်းဆောင်တွေဟာ ပညာတတ် ကျောင်းသားတွေ ဖြစ်သင့်တယ်လို့ အားလုံး နားလည် လာအောင် ကြိုးစားမှာ ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂ တွေကို မြှင့်တင် ခြင်းဟာ တိုင်းပြည်အကျိုးကို မြှင့်တင်ခြင်း လို့ မြင်လာအောင် ကြိုးစားမယ် လို့လည်း ဆိုပါတယ်။

၁၉၆၂ ခုနှစ်က ဖြိုဖျက် ခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံကြီး ရှိနေသေးရင် အဲဒီမှာ တနိုင်ငံလုံးက ကျောင်းသား သမဂ္ဂတွေ စုဝေး တိုင်ပင်ပြီး လိုအပ်ချက် တွေကို ပြောနိုင်ရင် တိုင်းပြည် အကျိုးရှိ နိုင်မှာလို့လည်း ပြောပါတယ်။

အဲဒါကြောင့် အခုအစည်းအဝေး ကနေ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဖြစ်ပေါ်ရေး ရန်ပုံငွေ အဖွဲ့ကို ဖွဲ့စည်း ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ အရင်က ထက်စာရင် ကျောင်းသား သမဂ္ဂတွေကို ဖွင့်ပေး လာတယ်လို့ ပြောလို့ရပေမယ့် တကယ့် ဖွဲ့စည်း ပြီးသား သမဂ္ဂ တွေကို ကူညီ ပံ့ပိုးအားပေး တာမျိုး မရှိတော့ အစိုးရဘက်က မီးစိမ်း မပြသေးဘူးလို့ ထင်ရကြောင်း ဆိုပါတယ်။

လက်ရှိ အခြေအနေ မှာတော့ အခုလုပ်ချင် နေတဲ့ ကျောင်းသား လှုပ်ရှား မှုတွေကို လုပ်နိုင် လိမ့်မယ်လို့ ထင်ကြောင်း ဖြေကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ