သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် အလားအလာ

Image caption တရုတ်ကို စိုးရိမ်တဲ့ အတွက် မြန်မာဟာ အမေရိကန် နဲ့ ပူးပေါင်း ဆက်ဆံရေး ကို အချိန်ဆွဲ နေမယ့်ပုံ မရှိပါ

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ အမေရိကန် မြန်မာ ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ အချိုး အကွေ့ တခု ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။

ကိုယ်စားလှယ် အဖွဲ့ထဲမှာ ပါဝင်တဲ့ ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ် ချုပ်ကြီးကိုကိုတို့ ဟာ နှစ်နိုင်ငံ လုံခြုံရေး ပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးတွေကို ဆွေးနွေး ကြပါလိမ့်မယ်။

တကယ်တော့ အမေရိကန် ပြည်ထောင်စုဟာ အရင်တုန်း ကလည်း မြန်မာ နိုင်ငံကို ဒီအပိုင်းတွေမှာ ကူညီခဲ့ဘူးပါတယ်။ အခုလည်း အလားတူ အကူညီတွေ ပြန်ပေး ဖို့ မျှော်လင့် နိုင်တယ်လို့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မီတီဝင် မကွေးတိုင်း အမှတ် ၁၂ မဲ ဆန္ဒနယ် အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန စီမံရေးနဲ့ လေ့ကျင့်ရေးဌာန ညွှန်ကြားရေး မှူး ရဲမှူးကြီး ဝင်းခေါင် ကလည်း အမေရိကန်ကနေ မြန်မာကို အကူ အညီတွေ ပေးနိုင် ကြောင်း သူ့ရဲ့ မျှော်လင့်ချက်တွေကို ဘီဘီစီကို ပြောပြ ပါတယ်။

တကယ်တော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး သမိုင်းမှာ တဘက်နဲ့ တဘက် သံသယတွေနဲ့ ကြည့်ခဲ့ကြတဲ့ အချိန်တွေ ရှိပါတယ်။ အထူး သဖြင့် ကူမင်တန် တရုတ်ဖြူတွေ မြန်မာ နိုင်ငံကို ကျူးကျော် ခဲ့စဉ် တုန်းက အမေရိကန် ထောက်လှမ်းရေး အဖွဲ့ CIA က ကူညီခဲ့တယ်လို့ မြန်မာဘက်က စွပ်စွဲ ခဲ့တာရှိပါတယ်။

တခါ မြန်မာ နိုင်ငံမှာ စစ်အစိုးရ ပုံစံနဲ့ အုပ်ချုပ်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၁ မတိုင်ခင် အချိန်တွေ တုန်းက ဆိုရင် နှစ်နိုင်ငံကြား ဆက်ဆံရေး ဘယ်လောက် နိမ့်ကျခဲ့ သလဲဆိုတာ အထူးပြောစရာ မလိုပါဘူး။ အခုချိန် မှာတော့ မြန်မာဘက်က အမေရိကန်ကို သံသယနဲ့ ဆက်ဆံမယ့် အနေအထား မရှိတော့ ဘူးလို့ ဦးလှဆွေက ပြောပါတယ်။

တရုတ်က စောင့်ကြည့်မှာကို စိုးရိမ်တဲ့ အတွက်တော့ မြန်မာဟာ အမေရိကန်နဲ့ ပူးပေါင်း ဆက်ဆံရေး ကို အချိန်ဆွဲ နေမယ့်ပုံ မရှိပါဘူး။ ဒါပေမယ့် စစ်အစိုးရ လက်ထက် ကလို အပြစ်တွေကို စောင့်ကြည့် ထောက်ပြ နေယုံ အဆင့် ကနေ စစ်မှန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု အဆင့်ကို ရောက်ဖို့ ကတော့ ဒီထက်ပို ပြီး လုပ်စရာတွေ အများကြီးရှိသေးတယ် လို့ ရဲမှူးကြီးဝင်းခေါင်က ဆိုပါတယ်။

အမေရိကန် မြန်မာ ဆက်ဆံရေး တိုးတက်လာပြီး လုံခြုံရေးအရ ပိုပူးပေါင်း ဆောင်ရွက် လာမှာကို NLD ပါတီ ကလည်း ကြိုဆိုကြောင်း NLD ဗဟို အလုပ် အမှုဆောင် ကော်မီတီဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ပြောပါတယ်။

တကယ်တမ်း အမေရိကန်က မြန်မာကို ဘယ်လောက် ကူညီမလဲ ဆိုတာ ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် အတွင်း ဆွေးနွေးမှုတွေ ဘယ်လောက် အောင်မြင် မလဲ ဆိုတဲ့ အပေါ်မူတည် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ