တရုတ်ယူနန် အစိုးရ တာဝန်ခံနဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီတွေတွေ့

Image caption တရုတ် ဓါတ်ငွေ့ ပိုက်လိုင်းဖေါက်လုပ်မှုကြောင့် ဒေသခံတွေ အကျိုးရှိတယ်လို့ RNDP အတွင်းရေးမှူး ကပြော

တရုတ်နိုင်ငံ ယူနန် အစိုးရ အကြံပေး တာဝန်ခံ ယူနန် တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး စင်တာရဲ့ ညွှန်ကြားရေးမှူး မစ္စတာ Zhao Shulan ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီတွေ တနင်္ဂနွေနေ့ မနက်က ရန်ကုန်မြို့ Myanmar Peace Center မှာ တွေ့ဆုံခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမှု အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်သူတွေအတွက် ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှု ဘယ်လောက် ရှိသလဲ ဆိုတာကို လေ့လာဖို့ လာရောက်ခဲ့တာလို့ အဲဒီ ကိုယ်စားလှယ် အဖွဲ့က ပြောကြောင်း ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) ရဲ့ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်ကို ဖြတ်သန်း ဖေါက်လုပ်နေတဲ့ တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်လို့ အဲဒီ ဆွေးနွေးပွဲမှာ ရခိုင်အမျိုးသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးလှစောက ရှင်းလင်းပြောပြခဲ့ရာမှာ ဓါတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်တဲ့ တရုတ်ကုမ္ပဏီက စာသင်ကျောင်းတွေ ဆေးခန်းတွေ ဆောက်လုပ်ပေးတဲ့အတွက် ဒေသခံ ပြည်သူတွေ အကျိုးခံစားရတယ်လို့ ပြောသွားခဲ့ပါတယ်။

ချင်းပြည်နယ်တွင်းက ကြေးနီ စီမံကိန်းတွေနဲ့ ပတ်သက်လို့တော့ စီမံကိန်း ရဲ့ အကျိုးအမြတ် ခံစားခွင့်တွေကို ချမပြတဲ့ အတွက် သိသာမြင်သာမှု ရှိဖို့ လိုနေတယ်လို့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်းက ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တရုတ်နိုင်ငံ ပြည်နယ် အစိုးရ တာဝန်ခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တဲ့အတွက် နောက်ထပ် ပိုရင်းနှီး မှုတွေ ရှိလာနိုင်မှာ ဖြစ်ကြောင်းနဲ့ ဒီ့ထက် ပိုဆွေးနွေးနိုင်အောင် ဒီမိုကရေစီ မိတ်ဆွေများ ပါတီဝင်တွေကို တရုတ်နိုင်ငံကို ဖိတ်မယ်လို့ အဲဒီ ကိုယ်စားလှယ်အဖွဲ့က ပြောသွားကြောင်း ဦးသုဝေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ