KNDO လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ရပ် ရုပ်ရှင်ရိုက်မယ်

  • 19 မေ 2013
Image caption ကမ္ဘာ ပေါ်မှာ ပထမဆုံး လေယာဉ် ပြန်ပေး ဆွဲမှု ဖြစ်တယ်လို့ ယူဆ ရကြောင်း စာရေးဆရာ လှသောင်းက ပြောပါတယ်

လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးက ဖြစ်ပျက် ခဲ့တဲ့ KNDO ကရင် သူပုန်တွေရဲ့ လေယာဉ် ပြန်ပေး ဆွဲမှု ဖြစ်ရပ် ဇာတ်လမ်းကို ရုပ်ရှင် ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန် ဖြစ်တဲ့ ဒီ အကြောင်းကို စာရေးဆရာ လှသောင်း ကလည်း မကြာခင်ကမှ ''မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲ မှုကြီး'' နာမည်နဲ့ စာအုပ် ထုတ်ဝေခဲ့ ပါတယ်။

အဲဒီ ပြန်ပေး ဆွဲတဲ့ ကရင် သုံးဦးထဲက ခေါင်းဆောင် ဖြစ်သူ စောကျော်အေးဟာ အခု ဆိုရင် အသက် ၈၇ နှစ် ရှိပြီ ဖြစ်ပြီး သက်ရှိ ထင်ရှား ရှိပါတယ်။

ဒီဖြစ်ရပ်မှန် ဇာတ်လမ်းဟာ ၁၉၅၄ ဇွန်လ ပိုင်းက ရန်ကုန် ကနေ စစ်တွေကို သွားတဲ့ လေယာဉ်ကို KNDO ကရင် သူပုန် တွေက ပြန်ပေး ဆွဲပြီး သူတို့ ဒေသကို ခေါ်သွားဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်ဟာ ဂွနဲ့ ချောင်းသာ ကြားမှာ ဆင်းဖို့ နေရာ ရှာရင်း ဆီကုန်သွား တာကြောင့် မြေပြင် မှာပဲ ဆင်းသက် လိုက်ရပြီး၊ လေယာဉ်မှူးရဲ့ အကြံပြုချက်နဲ့ ပြန်ပေး သမားတွေက လေယာဉ် ပေါ်ပါ ငွေတွေ ကိုပဲ ယူသွား ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာ ပေါ်မှာ ပထမဆုံး လေယာဉ် ပြန်ပေး ဆွဲမှု ဖြစ်တယ်လို့ ယူဆ ရကြောင်း ကိုလည်း စာရေးဆရာ လှသောင်းက ပြောပါ တယ်။

ဒါကို ရုပ်ရှင် ရိုက်ဖို့ စီစဉ် နေတဲ့ ဒါရိုက်တာ အန်ထောနီ ကလည်း မြေအောက် အဖွဲ့ အစည်း ကနေ လျှို့ဝှက်ပြီး လေယာဉ်ကို ရအောင် ပြန်ပေး ဆွဲခဲ့ တာရယ်၊ နောက်ပြီး လေယာဉ်မှူး ကလည်း ကွင်း မဟုတ်တဲ့ နေရာမှာ ရအောင် ဆင်းပြီး၊ လူတွေရဲ့ အသက်ကို ရအောင် ကာကွယ် နိုင်ခဲ့တဲ့ ဖြစ်ရပ်ဟာ တကယ့် သည်းထိတ် ရင်ဖို ဖြစ်တယ်လို့ ပြောပါတယ်။

ကျပ်ငွေ သိန်းပေါင်း သုံး လေး ထောင်လောက် ကုန်ကျမှာ ဖြစ်ပေမယ့် နိုင်ငံ တကာ စျေးကွက် ဝင်အောင် ရိုက်ကူးဖို့ စီစဉ် နေတယ်လို့ ဒါရိုက်တာ အန်ထော်နီက ပြောပါတယ်။