ဦးသိန်းစိန် ဝါရှင်တန်မှာ မြန်မာတွေနဲ့တွေ့

  • 20 မေ 2013
Image caption သမ္မတဦးသိန်းစိန် မေးခွန်းများကို ဖြေကြား

အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံ အကြီးအကဲတဦးရဲ့ နှစ်ပေါင်း ၅ဝ နီးပါး အတွင်း ပထမဆုံး အကြိမ် အလုပ်သဘော ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ခရီးစဉ် ဒုတိယမြောက်နေ့ တနင်္ဂနွေနေ့ ဒေသအချိန် ညနေ ၆ နာရီက ဝါရှင်တန်မြို့ VOA အသံလွှင့် အဆောက်အအုံ ခန်းမမှာ အမေရိကန်ရောက် မြန်မာ နိုင်ငံသား တွေနဲ့ တွေ့ဆုံခဲ့ပြီး မေးမြန်း တာတွေကို ပြန်ဖြေခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ဒီမိုကရေစီ အပေါ် ဦးသိန်းစိန်ရဲ့ အမြင်၊ ပညာရေးနဲ့ပတ်သက်လို့ ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာတွေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တွေ့ရတဲ့ စိန်ခေါ်မှုတွေကို တက်ရောက် လာသူတွေက မေးမြန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြန်ဖြေရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးရှိဖို့၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့နဲ့ လူမှု စီးပွား တိုးမြှင့်နိုင်ဖို့ နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမှုတွေ လိုတယ်၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီတွေ လိုတယ်လို့ ပြန်ဖြေရာမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

အဲဒီပွဲကို တက်ရောက် လာတဲ့ ရိုဟင်ဂျာ တဦးက ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ တွေနဲ့ ပြဿနာ ဖြစ်ရတာနဲ့ ပတ်သက်လို့ ပြည်ပရောက် ရိုဟင်ဂျာတွေနဲ့ ပြောဆို ဆွေးနွေးဖို့ မသင့်ဘူးလားလို့ မေးမြန်းရာမှာ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စဟာ ပြည်တွင်းရေး ဖြစ်တယ်၊ ဒီပြသနာကို တဦးနဲ့တဦး ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်တဲ့ နည်းနဲ့ အဖြေရှာမှာ ဖြစ်တယ်။ ပြည်ပ အင်အားစုတွေနဲ့ လောလောဆယ် ဆွေးနွေးဖို့ အစီအစဉ် မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို စုစုပေါင်း လူ ၃ဝ ခန့် တက်ရောက်ခဲ့ပါတယ်။ အဆောက်အအုံ အပြင်ဘက်မှာတော့ ရိုဟင်ဂျာတွေ မြန်မာ့ အရေး လှုပ်ရှားသူ ၁ဝ ဦးခန့် က လာရောက် ဆန္ဒပြခဲ့ကြပါတယ်။

တနင်္လာနေ့ မနက်မှာတော့ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ ဦးသိန်းစိန် တွေ့ဆုံဖို့ ရှိပါတယ်။

ညနေပိုင်း မှာတော့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး နဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတ ဦးသိန်းစိန်က ဟောပြောမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ