အရေးပေါ် အခြေနေ ကြေညာချက် သက်တမ်းတိုးမှု ကို ဒေါ်စု ဝေဖန်

  • 22 မေ 2013
_jp_aung304x171
Image caption ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် မှာဆွေးနွေး

မိတ္ထီလာ မြို့မှာ ရက်ပေါင်း ၆ဝ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ချက် ကို သက်တမ်းတိုးဖို့ ကိစ္စ အပေါ် မှာ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်မှာ ဆွေးနွေး ဝေဖန်ခဲ့ပါတယ်။ ဥပဒေ ကဲ့သို့ တည်သော နိုင်ငံတော် သမ္မတ ရဲ့ အမိန့် ၁/၂ဝ၁၃ နဲ့ ပတ်သက်လို့ တရားဥပဒေ ရှုထောင့်နဲ့ ဒီမိုကရေစီ အဆောက်အအုံ များ ရှင်သန်ရေး ကို ဆွေးနွေးခဲ့တာပါ။

အရေးပေါ် အခြေအနေ ကြေညာ ဖို့ ဆိုရင် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ကို ချမှတ်ဖို့ လိုကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက လုပ်ပိုင်ခွင့်ဟာ ပြတ်သားသင့် သလောက် မပြတ်သားဘူး လို့ ထင်ကြောင်း ပြည်သူ့အိုးအိမ် ကို ထိခိုက်စေမှု ဟာ အင်မတန် ကျယ်ပြန့်တဲ့ အဓိပ္ပါယ် ဖေါ်နိုင် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြပါတယ်။

ဒါ့အပြင် ဒီကြေညာချက် ဟာ ပြည်သူရွေးကောက် တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ မဆုံးဖြတ်သင့် ဘူး လို့ ထောက်ပြရာမှာ ဒီ အမိန့် မထုတ်ခင်၊ နိုင်ငံတော် သမ္မတဟာ ကာကွယ်ရေး နဲ့ လုံခြုံရေး အကြီးအကဲတွေ၊ ပြည်ထဲရေး ဝန်ကြီး နဲ့ တိုင်ပင်ပြီး လုပ်နိုင်တဲ့ အခြေအနေ ရှိခဲ့ပုံ၊ ဒါပေမယ့် ဥပဒေ ကဲ့သို့ အာဏာ တည်နိုင်တဲ့ အမိန့် တခု ကို မထုတ်ခင်၊ ပြည်သူတွေ တိုက်ရိုက် တာဝန်ပေးထား တဲ့ ပုဂ္ဂိုလ် တယောက်မှ မပါဝင်တဲ့ အဖွဲ့ က ဆုံးဖြတ်ပိုင် ခွင့် ရှိတယ်ဆိုတာ မှန်ကန်ပါ ရဲ့လား ဆိုတာ စဉ်းစား သင့်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။

မိတ္ထီလာ မှာ ဖြစ်ပွားခဲ့တဲ့ အရေး နဲ့ ပတ်သက်လို့ လည်း အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက တည်ဆဲ ဥပဒေ အရ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ တွေ ကို အပြည့်အဝ လုပ်ခဲ့ရဲ့လား ဆိုတာ စဉ်းစားရမယ်၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ က မိမိ တို့ လုပ်ပိုင်ခွင့် တွေ နဲ့ တည်ဆဲ ဥပဒေ များ အရ အခြေအနေ တခုကို ပိုင်နိုင် စွာ ထိန်းချုပ်နိုင်ရေး အစွမ်းကုန် ကြိုးစားပြီး မဖြစ်မှ သာ၊ အရေးပေါ် အခြေအနေ ဥပဒေ ကို စဉ်းစားရမှာ ဖြစ်တဲ့ အကြောင်း၊ အခုတော့ ပွင့်လင်း မြင်သာမှု နည်းနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ