သမ္မတ ဦးသိန်းစိန် ပြောတာ မကျေနပ်လို့ ဆန္ဒထပ်ပြ

  • 23 မေ 2013
Image caption လက်ပံတောင်း အရေး ဆန္ဒဖော်ထုတ် ခဲ့စဉ်တုန်းက

ပြည်သူလူထု ရိုးသားစွာ ဆန္ဒ ထုတ်ဖော်သူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောဆိုတဲ့အပေါ် မကျေနပ်တဲ့ အတွက် ကန့်ကွက် ဆန္ဒပြ ခဲ့ကြပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ အရေးကိုပါ တောင်းဆိုခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးနဲ့ အမျိုးသမီး ကွန်ယက်အဖွဲ့နဲ့ တခြား ဒီမိုကရေစီ အဖွဲ့တွေပါ ပူပေါင်းပြီး မနေ့က ကြာသပတေးနေ့ ညနေ(၃)နာရီမှာ တာမွေမြို့နယ်ကနေ စတင် ဆန္ဒ ဖော်ထုတ် ခဲ့ကြတာ ဖြစ်ပါတယ်။

တာမွေမြို့နယ်ကနေ ကြွေးကြော်သံနဲ့ စတင်ပြီး အင်အား(၃၀)နီးပါးက ခွင့်ပြုချက်မယူဘဲ သူတို့ သဘောအရ ဆန္ဒထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။

အဓိက အကြောင်းရင်း ကတော့ သမ္မတဦသိန်းစိန် ပြောဆိုချက်ကို ကန့်ကွက်တာလို့ ဒီမိုကရေစီနဲ့ အမျိုးသမီး ကွန်ယက်က ဒေါ်နော်အုန်းလှက ပြောပါတယ်။

အဲဒီနောက် ကြေးနီတောင် စီမံကိန်း ရပ်ဆိုင်းပေးရေး ၊ ပုဒ်မ(၁၄၄) ရုပ်သိမ်းရေး ၊ ကြေးနီ စီမံကိန်းနဲ့ ပါတ်သက်ပြီး ဖမ်းထားသူတွေ ၀ရမ်းထုတ်ထားသူတွေ ပြန်လွှတ်ပေးရေး အပြင် လယ်သမားတွေကို အေးချမ်းစွာ လယ်ယာ စိုက်ပျိုး ခွင့်ပြုရေး စတာတွေကို တောင်းဆိုတယ် လို့ ပြောပါတယ် ။

လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ရွာသူရွာသားတွေ ကလဲ မိုးကျလာပြီဖြစ်လို့ မိမိတို့ လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင် နေကြပါတယ် ။

တချို့ ရွာသားတွေကလဲ မြေဧကအလိုက် လျော်ကြေးငွေ ယူထားကြတယ်လို့သိရပါတယ်။

ကျေးရွာ အနီး ၀န်းကျင်မှာလည်း ရဲလုံထိန်းတွေ စောင့်ကြပ် နေတယ်လို့ ဆိုပါတယ်။

ညပိုင်းအချိန် အထိတော့ ဆန္ဒဖော်ထုတ်သူတွေ ပြဿနာဖြစ်တာ ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ