သမ္မတရဲ့ တပ်ရာခိုင်နှုန်း သဘောထားအပေါ် ဝေဖန်

  • 21 မေ 2013
U Thein Sein in US
သမ္မတ ဦးသိန်းစိန်ဟာ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့

သမ္မတ ဦးသိန်းစိန်က အမေရိကန် ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ ဆက်ရှိသင့်တယ်လို့ ပြောခဲ့တာဟာ ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက်မဲ့ရာ ရောက်စေတယ်လို့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က ဝါရှင်တန် ဒီစီ မြို့တော်က မြန်မာ အသိုင်းအဝိုင်းရဲ့ မိန့်ခွန်း တချို့ကို ဖြေကြားခဲ့တဲ့ အထဲမှာ မြန်မာ့ တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းကွာလို့ မရဘူး၊ လွှတ်တော် အတွင်းမှာ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေ ဆက်ရှိ သင့်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတက ဒီလို ပြောခဲ့တာဟာ ဘာကြောင့် ပြောတယ်ဆိုတာ မသိနိုင်ပေမယ့် ဒီမိုကရေစီရေးဟာ ဒီအတိုင်းဆိုရင် 'လာမယ် ကြာမယ်' ဆိုတဲ့ အနေအထား ဖြစ်နေကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆက်ပါဝင်မယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အခြေခံ ဥပဒေပြင်ဆင်ဖို့ ခက်ခဲနိုင်ကြောင်း၊ ဒီမိုကရေစီ စစ်စစ်နဲ့ ဝေးသွားနိုင်ကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသားတွေ အတွက် ပိုဆိုးနိုင်ကြောင်း ဦးခွန်ထွန်းဦးက ထောက်ပြပါတယ်။

သမ္မတ ကိုယ်တိုင်တောင် တချို့ကိစ္စရပ်တွေမှာ စစ်တပ်ရဲ့ အရှိန်အဝါအောက်မှာ သူ့ရဲ့ သြဇာ အာဏာဟာ မရှိသလို ထင်ရကြောင်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ