ဂျပန် ဝန်ကြီးချုပ် မြန်မာခရီး စတင်ပြီ

Image caption ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေး ဟာ ဒီနေ့ သောကြာနေ့က စပြီး မြန်မာနိုင်ငံမှာ ၃ ရက်ကြာခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံအကြီးအကဲ တယောက်ရဲ့ ပထမဆုံး မြန်မာ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဂျပန် အခြေစိုက် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေလည်း ဒါဇင်နဲ့ ချီပြီး ဝန်ကြီးချုပ်နဲ့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

ဂျပန်ဟာ မြန်မာနိုင်ငံကို အထောက်ပံ့ အကူညီ အများဆုံးပေးတဲ့ အလှူရှင်နိုင်ငံဖြစ်ပြီး မစ္စတာ အာဘေးရဲ့ ဒီခရီးစဉ်အတွင်းမှာလည်း ဖွံ့ဖြိုးရေး ထောက်ပံ့ကူညီမှု တိုးမြှင့်ပေးဖွယ်ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးကို စိတ်ပါလက်ပါ အားပေးကူညီသူ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့စရာ စျေးကွက် အသစ်ဖြစ်သလို အလုပ်သမား ခ စျေးချိုချိုနဲ့ ရနိုင်တဲ့ နိုင်ငံတခုလည်း ဖြစ်တဲ့ အတွက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။