မွတ်ဆလင် အကြမ်းဖက်မှုကို ရပ်ဖို့ အိုဘားမား တိုက်တွန်း

  • 21 မေ 2013

နှစ်ပေါင်း ငါးဆယ် နီးပါး အတွင်း မြန်မာ နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး သမိုင်းဝင် အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ အမေရိကန် သမ္မတ အိုဘားမားကို အိမ်ဖြူတော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံတဲ့ အခါ မြန်မာ သမ္မတ ရဲ့ ခေါင်းဆောင်မှုကို အိုဘားမားက ချီးကျူး စကား ပြောကြားခဲ့ပါတယ်။

မြန်မာမ်ုင်ငံမှာ နိုင်ငံရေးအရ စီးပွားရေးအရ ပြုပြင် ပြောင်းလဲလာတာကို တွေ့လာရတယ်၊ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲက မှန်ကန်တဲ့ လမ်းကြောင်းကို အစပြုနေပြီး အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေး လမ်းကြောင်းဆီကို ဦးတည်နေပြီလို့ သမ္မတ အိုဘားမားက ပြော ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြသနာတွေကို အလေးထားဖို့ မွတ်ဆလင် လူနည်းစုတွေ အိုးမဲ့ အိမ်မဲ့ ထွက်ပြေးနေရတဲ့ပြဿနာနဲ့ သူတို့ကို ဦးတည်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို ရပ်ဆိုင်းအောင်လုပ်ဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

နောက်ပြီး မြန်မာအစိုးရနဲ့ နိုင်တကာ အသိုင်းအဝိုင်း ပူးပေါင်းပြီး သူတို့တွေ လိုအပ်နေတဲ့ အကူအညီ တွေကို ထောက်ပံ့ပေးနိုင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ သူ့ကို ပြောခဲ့တယ်လို့လဲ မစ္စတာ အိုဘားမားက ပြောပါတယ်။

သမ္မတဦးသိန်းစိန်က အိုဘားမားအစိုးရက သူတို့အပေါ် နားလည်မှုပေးတာကို ကျေးဇူးတင်ကြောင်းနဲ့ တိုင်းရင်းသားပဋိပက္ခတွေကို အေးချမ်းသွားအောင်လုပ်ဖို့ ဂတိစကားပြောဆိုခဲ့သလို အမေရိကန်တို့ရဲ့ အကူအညီ လိုတယ်ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

အိမ်းဖြူတော်အပြင်ဘက်မှာတော့ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆယ်စုနှစ် အတော်ကြာ နေခဲ့ရပြီး စစ်အာဏာရှင် လက်အောက် ကနေ ပေါ်ထွက်လာတဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးမှာ မစ္စတာ အိုဘားမားအစိုးရရဲ့အနေနဲ့ လိုက်လျောဆက်ဆံမှုဟာ မြန်လွန်းနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ