ABSDF မြောက်ပိုင်း လူသတ်မှု တောင်းပန်မယ်

  • 22 မေ 2013
absdf
Image caption အမှု စစ်ဆေးရေး ကျောင်းသား တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းခဲ့

ABSDF မြောက်ပိုင်း ဒေသ ကျောင်းသား တပ်မတော်မှာ ထောက်လှမ်းရေးလို့ စွပ်စွဲ သတ်ဖြတ် ခံရတဲ့ ကျောင်းသား စစ်သည်တွေ အတွက် ABSDF က အိမ်တိုင်ရာရောက် တောင်းပန်စာ ပို့မယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက သတ်ဖြတ်ခံရတဲ့ ကျောင်းသူ ကျောင်းသား ၁၅ ယောက်နဲ့ ထပ်မံ သတ်ဖြတ်ခံရသူ ၂ဝ အတွက် အမှုမှန် ဖော်ထုတ်နိုင်ဖို့ ဖွဲ့ထားတဲ့ ABSDF အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး ကော်မရှင်နဲ့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းတွေ မနေ့က ရန်ကုန်မှာ ဆွေးနွေး ခဲ့ကြပါတယ်။

သေဆုံးသူတွေ အဖို့ သိက္ခာပါ ထပ်လောင်း နစ်နာ ခဲ့ရတဲ့ အတွက် မိသားစုဝင်များ ဘက်က အင်မတန် ခံစားချက် ပြင်းထန်ကြလို့ တောင်းပန်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလို့ ABSDF မြောက်ပိုင်း ရဲဘော်ဟောင်းများ အဖွဲ့က ကိုရဲလင်းက ဘီဘီစီကို ပြောပါတယ်။

သတ်ဖြတ်မှုကို စီစဉ်ခဲ့တဲ့ လက်ရှိ သာယာဝတီ ထောင်မှာ ကျခံ နေရတဲ့ ABSDF မြောက်ပိုင်း ခေါင်းဆောင် ဟောင်း သံချောင်းနဲ့ အခြားသူတွေ ၊ ကျောင်းသား ထောက်လှမ်းရေး စစ်ကြောရေးမှာ ပါဝင်သူတွေနဲ့ စခန်းက ပြန်လာသူ တွေကို တွေ့ဆုံပြီး အချက်အလက် ရယူသွားမယ်လို့ သိရပါတယ်။

ABSDF ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီးနောက် မြောက်ပိုင်း ကိစ္စ စုံစမ်းရေး အဖွဲ့တွေကို ဒီလို စစ်ဆေးခွင့် ပြုခဲ့တာပါ။

၁၉၈၈ စစ်အာဏာ သိမ်းမှုတွေ အပြီး ABSDF ကျောင်းသား တပ်မတော်ကို နယ်စပ် ဒေသတွေမှာ ဖွဲ့စည်း လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ