ဦးသိန်းစိန် ရန်ကုန်ပြန်ရောက်

  • 22 မေ 2013
thein_sein
Image caption ရန်ကုန် လေဆိပ်ကို ည ၁ဝ နာရီ ကျော်မှာ ဆိုက်ရောက်

သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု ကို လေးရက်ကြာ အလုပ်သဘော ခရီးစဉ် သွားရောက်ခဲ့ပြီး မနေ့ ညက ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အတွက် ကြီးမားတဲ့ အောင်မြင်မှု တခု ဖြစ်ပါတယ်။ သမ္မတနဲ့ ၀န်ကြီးများ ပါတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ လိုက်ပါလာတဲ့ ကိုရီးယားလေကြောင်းလိုင်းက လေယာဉ် ဟာ ရန်ကုန် လေဆိပ်ကို ည ၁ဝ နာရီ ကျော်မှာ ဆိုက်ပါတယ်။

မေလ ၁၈ ရက် ကနေ ၂၁ ရက်နေ့ အထိ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ဆို နိုင်ခဲ့တယ်၊ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွေ နောက်ပြန်လှည့် တော့မှာ မဟုတ်လို့ နိုင်ငံကို ကူညီကြဖို့ အမေရိကန် ပညာရှင်တွေနဲ့ လွှတ်တော် အမတ် တွေကို ရှင်းပြ နိုင်ခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု တွေကို ရုပ်သိမ်းဖို့ ရှေ့ရှု သွားနေပြီ လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတရုံး ၀န်ကြီးတဦး ဖြစ်တဲ့ ဦးစိုးသိန်း ကလည်း အိုဘားမား ရန်ကုန် လာတုန်းက ပြောဆိုခဲ့တဲ့ အချက် ၁၁ ချက်ကို အကောင် အထည်ဖော်ရင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက် လာတယ်လို့ ပြောသွားပေမယ့် ဒီ ၁၁ ချက်ရဲ့ အသေးစိတ် ကိုတော့ ဦးစိုးသိန်းက ပြောပြ မသွားခဲ့ပါဘူး။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အမေရိကန် ခရီးစဉ်မှာ မြန်မာအပေါ် Sanction ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ နှစ်နိုင်ငံ စီးပွားရေး နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အပိုင်းတွေကို အဓိက ဦးတည် ခဲ့တာ ဖြစ်ပါ တယ်။ လုံခြုံရေးပိုင်းမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဘယ်လို သဘော တူညီချက်တွေ ရခဲ့တယ် ဆိုတာ အစိုးရ ဘက်က ထုတ်ဖော် မပြောခဲ့ပါဘူး။ သေချာ တာကတော့ ဒီခရီးစဉ် အပြီးမှာ အမေရိကန် မြန်မာ ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီး အဆင်ပြေ ချောမွေ့ နီးကပ် လာမယ့် အနေအထားကို တွေ့နေ ရပါပြီ ။

ဒီသတင်းနဲ့ပတ်သက်သမျှ