အမေရိကန်နဲ့ ကုန်သွယ်ရေး ကောင်စီ ရုံးတွေဖွင့်မယ်

_utheinsein_unitedstates_
Image caption ဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး အမေရိကန်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ပိုဝင်လာမလား

မြန်မာ သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ နေစဉ်မှာ မြန်မာ အမေရိကန် ကုန်သွယ်ရေး ကောင်စီ ရုံး ၃ ခုကို ဝါရှင်တန်၊ နယူးယောက်နဲ့ ရန်ကုန်မြို့တွေမှာ ဖွင့်လှစ် သွားဖို့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

အဲဒီ ခရီးစဉ် အတွင်းမှာပဲ TIFA လို့ ခေါ်တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိုင်ရာ အခြေခံ သဘောတူညီချက် ကိုလည်း လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။

အဲဒါတွေက မြန်မာ နိုင်ငံအတွက် ဘယ်လို အကျိုး ရှိစေနိုင်မလဲ လို့ မြန်မာ နိုင်ငံ အမျိုးသား စီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဝန်ကြီး ဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင်ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ မြန်မာ့ ကုန်စည် တွေအတွက် ဈေးကွက် ပိုပြီး ကျယ်ပြန့် သွားစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက LDC ဖြစ်နေတဲ့ အတွက် အတွက် အခွန်ကင်းလွတ်ခွင့်နဲ့ ကုန်သွယ်မှုအတွက် လိုအပ်တဲ့ အကူအညီ တွေကိုလည်း ရနိုင်မှာ ဖြစ်သလို ပို့ကုန်အတွက် လိုအပ်တဲ့ စံချိန်စံညွှန်း နဲ့ အညီ ပို့နိုင်ဖို့ နည်းပညာပိုင်း အကူအညီတွေလည်း ရနိုင်စရာရှိတယ် လို့ ပြောပါတယ်။

အသေးစား နဲ့ အလတ်စား လုပ်ငန်း တွေအတွက်လည်း အကျိုးရှိလာ နိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တကယ် အမေရိကန် ဘက်က ဘယ်လောက်အထိ ရင်းနှီး မြှုပ်နှံ ပြီးပြီလဲ ဆိုတာကိုတော့ သူတို့က မြန်မာ နိုင်ငံနဲ့ အကြာကြီး အဆက်ပြတ် နေခဲ့တော့ အခုတော့ မြန်မာ့ ဈေးကွက်ရဲ့ အခြေအနေကို စောင့်ကြည့် လေ့လာ နေဆဲ ပဲ ရှိနေသေးတယ် လို့ ဆိုပါတယ်။

အခု အသစ်ဖွင့်တဲ့ ကုန်သွယ်ရေး ကောင်စီ ရုံးတွေက အမေရိကန် စီးပွားရေး သမားတွေကို ယုံကြည်မှုရအောင် လုပ်နိုင်မလား ဆိုတော့ အတတ်နိုင်ဆုံး ရင်းနှီးမြှုပ်နှံမှု တွေ စီးဝင်လာနိုင်အောင် ကြိုးစား နေကြောင်းနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှု တွေအတွက်ကိုလည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်မှာလည်း အကာအကွယ်တွေ ပေးထားကြောင်း ပြောပါတယ်။

အခု အစိုးရဘက်က တရား ဥပဒေ စိုးမိုးရေး ကို တွန်းအားပေး လုပ်ဆောင် နေကြောင်း၊ အရည်အချင်း ကောင်းတဲ့ ရင်းနှီး မြှုပ်နှံ မှုတွေ ဝင်လာအောင် ရေရှည်ကို ရည်မှန်းပြီး လုပ်ဆောင် နေကြောင်း၊ ဒီလို ဖြစ်လာ အောင်လည်း အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ