သီလဝါစီမံကိန်း လျော်ကြေးကိစ္စ အစိုးရ ဆောင်ရွက်

Image caption သီလဝါ စီမံကိန်းကို ဂျပန်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေ

လက်ရှိမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံဖို့ ထင်ထင်ရှားရှား ရှိတာကတော့ သီလဝါ စက်မှုဇုန် စီမံကိန်းဖြစ်ပါတယ်။

သီလဝါ စီမံကိန်းမှာ ဂျပန်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေကြောင်းနဲ့ ဒီစီမံကိန်းမှာ ဒေသခံ တချို့ ပြောင်းရွှေ့ပေးရေးတွေ လုပ်ရာမှာ အစိုးရအနေနဲ့ ဒေသခံတွေအတွက် နစ်နာကြေး ပေးရေး ကို စီစဉ် ဆောင်ရွက်နေတဲ့ အကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးရေး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသမှာ ဒေသခံ အတော်များများအနေနဲ့ မြေယာ ပိုင်ဆိုင်သူတွေ မဟုတ်ကြတဲ့အတွက် နစ်နာကြေးပေးရာမှာ ပိုင်ဆိုင်မှု အတွက် မဟုတ်ပဲ ပြောင်းရွှေ့ပေးရတဲ့ အတွက် ကုန်ကျစရိတ်၊ သက်မွေးဝမ်းကြောင်း စရိတ် စတာတွေအတွက် နစ်နာကြေး ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သီလဝါ စီမံကိန်းအတွက် မြေအကျယ်အဝန်း ဟက်တာ နှစ်ထောင့် လေးရာအောက် အသုံးပြုမှာ ဖြစ်ပြီး မိသားစု ၇ရာ၊ ၈ရာ ပတ်ဝန်းကျင်လောက် ပြောင်းရွှေ့ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သီလဝါ စီမံကိန်းမှာ မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဂျပန်တို့ဘက်က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မှာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာ ပူးတွဲလုပ်နေတဲ့ ထားဝယ် ရေနက် စီမံကိန်းမှာ ဂျပန်တို့ ပါဝင် ရင်းနှီး မြှုပ်နှံဖို့ကိုလည်း ကမ်းလှမ်းထားကြောင်း၊ ဒါပေမယ့် ဂျပန် ဝန်ကြီးချုပ်ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ သီလဝါ စက်မှုဇုန် စီမံကိန်း ကိစ္စကို အဓိကထား ဆွေးနွေးဖို့ ရှိကြောင်း ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်တို့ ရင်းနှီးမြှုပ်နှံရာမှာ အလုပ်သမားများများ အသုံးပြုရတဲ့ ကုန်ထုတ်လုပ်ငန်း ကစပြီး ကားထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေ အထိ စိတ်ဝင်စားနေတယ်လို့လည်း ဆိုပါတယ်။