ဒေါ်လာစျေးတွေ ဘာကြောင့် တက်လာသလဲ

  • 24 မေ 2013
US Dollars
Image caption ပြီးခဲ့တဲ့ လကစပြီး အခုချိန်ထိ တစ်ဒေါ်လာကို ကျပ် တစ်ရာ နီးပါး တက်သွားခဲ့

မြန်မာ နိုင်ငံမှာ တစ်လ အတွင်း ဒေါ်လာ စျေးတွေ ၁၀ ရာခိုင်နှုန်း နီးပါး တက်လာ ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်လုံး စျေးတွေ တည်ငြိမ် နေခဲ့ ရာက ပြီးခဲ့တဲ့ တစ်လ အတွင်းကမှ တဖြည်းဖြည်း တက်လာခဲ့ တာပါ။

သင်္ကြန် နောက်ပိုင်းမှာ ဒေါ်လာစျေးတွေ တက်လာတာဟာ စျေးကွက် အတွင်းမှာ ဒေါ်လာ ဝယ်လိုအား များလို့ ဖြစ်တယ်လို့ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ရတဲ့ ဘဏ် တစ်ခု ဖြစ်တဲ့ CB ဘဏ်ရဲ့ Managing Director ဦးဖေမြင့် က ပြောပါတယ်။

နိုင်ငံခြားငွေ ရောင်းဝယ် ကြတဲ့ ဘဏ်တွေ အနေနဲ့ကတော့ တက်ရင် တက်စျေး ကျရင် ကျစျေးနဲ့ အရောင်း အဝယ် လုပ်တာ ဖြစ်လို့ ထိခိုက်တာ မရှိပေမဲ့ ဒေါ်လာစျေး အတက် ကြမ်းတာ ကတော့ မကောင်းဘူးလို့ သူက မြင်ပါတယ်။

မြန်မာ့ ဓန စီးပွားရေး မဂ္ဂဇင်းနဲ့ Open News ဂျာနယ် တို့ရဲ့ အယ်ဒီတာချုပ် ဦးသီဟစော ကလည်း အလားတူ ယူဆ ပါတယ်။

တကယ်တော့ မြန်မာ နိုင်ငံမှာ ဒေါ်လာငွေ လဲလှယ်နှုန်း သတ်မှတ်တဲ့ ဗဟိုဘဏ်ရဲ့ နှုန်းထားကို မူတည်ပြီး တခြား ဘဏ်တွေက နေ့စဉ် စျေးနှုန်း သတ်မှတ်တာ ဖြစ် ပါတယ်။

ဒါကြောင့် ဒီဘဏ်တွေမှာကိုပဲ ဝယ်လိုအား များနေတာ ဖြစ်နိုင်တယ်လို့ ဦးသီဟစောက ပြောပါတယ်။

ရိုးရိုးတန်းတန်း ကုန်သွယ်ရေး ကိစ္စတွေကြောင့် ဒေါ်လာစျေး တက်တာ ဖြစ်နိုင်သလို ငွေကြေး ချမ်းသာသူတွေရဲ့ ကစားမှုကြောင့်လည်း ဖြစ်နိုင်တာမို့ ဘာကြောင့် ဒီလို ဖြစ်တယ် ဆိုတာ ကတော့ ပြောဖို့ ခက်တယ်လို့ ဦးသီဟစောက ပြောပါတယ်။

လတ်တလော အနေအထားမှာတော့ အခုလို ဒေါ်လာစျေး တက်တာကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ သွင်းကုန် လုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေ ကိုတော့ ထိခိုက် စေတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံခြားကို ကုန်ပစ္စည်း တင်ပို့သူတွေ အတွက် လည်း အကျိုးအမြတ် ရှိတယ်ဆိုတာ ရေတို သဘောသာ ဖြစ်ပြီး စျေး တည်ငြိမ်တာကတော့ အကောင်းဆုံးပဲလို့ ဦးသီဟစော ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ