UNFC ယူကေမှာ လေ့လာရေး ခရီးရောက်ရှိ

saw_david_takapaw
Image caption UNFC ဒုဥက္ကဌ ၂ ဦး စောဒေးဗစ် တာကပေါ

လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ် အဖွဲ့ဖြစ်တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က ခေါင်းဆောင်တွေဟာ Intermediate အဖွဲ့ရဲ့ ဖိတ်ကြား ချက်အရ UK နိုင်ငံကို ရောက်ရှိနေပြီး ငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ နဲ့ လေ့လာရေး ခရီးတွေ ထွက်ခဲ့ပါတယ်။

UNFC ရဲ့ ဒုတိယ ဥက္ကဌ ၂ ဦး စော ဒေးဗစ် တာကပေါကို ဘီဘီစီက ခရီးစဉ် အတွင်း ဘာတွေကို လေ့လာ ဖြစ်သလဲလို့ စမေးကြည့်တော့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေး ရေးမှာ ဘယ်အချက်ကို အလေးပေး ရမယ် ဆိုတာအပြင် ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ပိုပြီး အားကောင်း လာအောင် အခြေခံက စလို့ လေ့လာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး ယုံကြည်မှု တည်ဆောက်ရာမှာတော့ နှိုင်းယှဉ်မှုနဲ့ တည်ဆောက် ယူရတာ ဖြစ်ကြောင်း ပြောပါတယ်။

ကြုံတွေ့ နေရတဲ့ အခြေအနေ တွေနဲ့ ပတ်သက်လို့ ယုံကြည်မှု တည်ဆောက်ဖို့ ဘယ်လို ဆောင်ရွက် ရမလဲ ဆိုတာကို ကျွမ်းကျင်သူတွေက အကြံပေး တာတွေလည်း ရှိတယ်လို့ ဖြေပါတယ်။

UNFC က ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့လည်း ဆွေးနွေး ခဲ့ပြီး ဖြစ်ကြောင်း၊ ရှေ့ဆွေးနွေးမယ့် မူဘောင် တွေအတွက် ဆွေးနွေး ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ အဲဒီ မူဘောင် တွေအပေါ်မှာ အစိုးရ ဘက်က ဘယ်လို အကြံပေး လာမလဲ ဆိုတဲ့ အဆင့်မှာပဲ ရှိနေသေးကြောင်း ဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေး ဆိုတာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရင်ဆိုင် နေရတဲ့ အခြေအနေခြင်း မတူညီကြောင်း ၊ ယုံကြည်မှု အပြည့်ရအောင် ဆက်လုပ်ဖို့ လိုနေသေးတဲ့ အကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်အတွက် နိုင်ငံတကာက အတွေ့အကြုံတွေကို ဘယ်လို နေရာတွေမှာ ယူမလဲ ဆိုတာ ကိုတော့ နိုင်ငံတကာက ဘယ်လို အကူအညီ တွေပေးရမလဲ ဆိုပြီး ဝင်လာ ကြတာ ဖြစ်ကြောင်း ဖြေပါတယ်။

ရေရှည် စစ်ပွဲ တွေကြောင့် တိုင်းပြည် မွဲပြာ ကျရတဲ့ အခြေအနေ ကနေ တဖြည်းဖြည်း တက်လာ နိုင်အောင် ပြည်သူ လူထုကို အားပေးဖို့ သူတို့ ဘက်က ဘာတတ်နိုင်သလဲ ဘာလုပ် ပေးနိုင်သလဲ ဆိုတဲ့ အခြေခံနဲ့ ဝင်လာကြတာ လို့ ဆိုပါတယ်။

ဆက်လက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ကိုလည်း အဆင်ပြေအောင် ညှိပေးကြတာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ