တအိမ်ထောင် ကလေးနှစ်ယောက် ထက် ပိုမယူရတဲ့ အပေါ် ဒေါ်စု ဝေဖန်

Image caption မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဖက်မှာ အစိုးရ အခေါ် ဘင်္ဂလီတွေ ကို တအိမ်ထောင် ကလေး နှစ်ယောက်ထက် ပိုမယူရဘူးလို့ ပြည်နယ် အာဏာပိုင်တွေက အမိန့်ထုတ် ထားတဲ့ အပေါ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန် ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အစည်းအဝေး အပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေက ဘူးသီးတောင် မောင်တောက မွတ်ဆလင်တွေ သားသမီး နှစ်ယောက်ထက် ပိုမယူရ ဘူးလို့ အာဏာပိုင် တွေရဲ့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီကိစ္စသာ မှန်ကန်ရင် ဒါဟာ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့် အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းက မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီး လူရာနဲ့ ချီ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသတွေမှာ ဒီလို တမိသားစု ကလေးနှစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ စည်းကမ်းကို ပြည်နယ် အစိုးရ အာဏာပိုင်တွေက သတ်မှတ် ထားတာ ဖြစ်ပါတယ်။