ကချင် ဆွေးနွေးပွဲ ပထမနေ့မှာ နှစ်ဘက် လိုချင် တာတွေ တင်ပြခဲ့

KIO Meetings
Image caption နှစ်ဘက်လုံးက ဆုံးဖြတ်ချက် ပေးနိုင်သူတွေ ကချင် ဆွေးနွေးပွဲမှာ တက်ရောက် နေကြ

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ မြစ်ကြီးနား မြို့မှာ ဆွေးနွေး နေကြရာမှာ နှစ်ဘက် အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ဖို့ လိုလားပြီး ဇွန်၊ ဇူလိုင်လ လောက်မှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးကို တိုင်းရင်းသား ပေါင်းစုံနဲ့ ဆွေးနွေး ချင်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောပါတယ်။

ကေအိုင်အို ဘက်ကတော့ တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ မဖြစ်အောင် လေ့လာ စောင့်ကြည့်ရေးကို ဦးစားပေး ဆွေးနွေး ချင်တယ်လို့ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခ တွေကို ရှေ့ဆက်ပြီး နိုင်ငံရေး အရ ဖြေရှင်းဖို့ ဆန္ဒရှိတယ် ဆိုတဲ့အပိုင်းကို ဆွေးနွေးပွဲမှာ အတည်ပြုခဲ့ ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အင်္ဂါနေ့ အစည်း အဝေး အပြီးမှာ ပြောပါတယ်။

အခု တကြိမ် ဆွေးနွေးပွဲဟာ ပထမဆုံး အကြိမ် ပြည်တွင်းမှာ ပြုလုပ်တာ ဖြစ်ပြီး ကေအိုင်အိုနဲ့ အစိုးရကြားမှာ ၈ ကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အခု မြစ်ကြီးနား ဆွေးနွေးပွဲရဲ့ ရလဒ်က မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ မြန်ဆန်မှု၊ နှေးကွေးမှုကို အဆုံး အဖြတ် ပေးနိုင် လောက်အောင် အရေး ပါပါတယ်။

ဒီဆွေးနွေးပွဲကို အစိုးရ ဘက်က ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်ပြီး စစ်တပ် ဘက်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင် ဆွေးနွေး နေပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အရင် ဆွေးနွေးပွဲ တုန်းက တက်ရောက်ခဲ့ဖူး ပေမဲ့ စစ်ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ် ခြင်း ခံရသူ ဖြစ်တယ်လို့တော့ မပြောခဲ့ပါဘူး။

ဒါကြောင့် ဒီတခါ ဆွေးနွေးပွဲဟာ အပြီးသတ် အဆုံးအဖြတ်တွေ ပေးနိုင်မယ့် သူတွေ တက်ရောက်နေကြတာလို့ ပြောနိုင် ပါတယ်။

ပြည်ပ ကိုယ်စားလှယ်တွေ အနေနဲ့ ဆိုရင်တော့ ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး အရာရှိ ဗီဂျေ နမ်ဘီယားနဲ့ တရုတ် နိုင်ငံက သံတမန် တစ်ယောက် တို့ လေ့လာသူ အနေနဲ့ တက်ရောက် နေကြ ပါတယ်။

လောလောဆယ် အစည်း အဝေး ခန်းမ အတွင်း ဆွေးနွေးမှု အသေးစိတ်ကို မသိရသေးပေမဲ့ ဗုဒ္ဓဟူးနေ့မှာ ကေအိုင်အိုနဲ့ ကချင် လူထု တွေ့ဆုံပွဲ တစ်ခု ကျင်းပဖို့ ရှိနေပြီး မေလ ၃၀ ရက်နေ့ မှာတော့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ