ကေအိုင်အိုနဲ့ အစိုးရ အကြား ဆွေးနွေးပွဲ ပြန်စပြီ

  • 28 မေ 2013
Image caption ဆွေးနွေးပွဲ ခေတ္တနားချိန်မှာလည်း နှစ်ဘက် ခေါင်းဆောင်တွေ တရင်းတနှီး ရှိကြပါတယ်

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ် ရေး အဖွဲ့ကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲ တွေကို မြစ်ကြီးနား မြို့မှာ ဒီကနေ့ စတင်ခဲ့ ပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရှေ့ဆက်ပြီး နိုင်ငံရေး အရ ဖြေရှင်းဖို့ ဆန္ဒရှိတယ် ဆိုတဲ့ အပိုင်းကို အတည်ပြုခဲ့ ကြတယ်လို့ ကေအိုင်အေ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဒီကနေ့ အစည်း အဝေး အပြီးမှာ ပြောပါတယ်။

ဒီဆွေးနွေးပွဲရဲ့ရလဒ် ဟာ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ မြန်မှာလား နှေးမှာလား ဆိုတာကို အဆုံး အဖြတ် ပေးနိုင် လောက်အောင် အရေး ပါပါတယ်။

မြန်မာ အစိုးရ ဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်း သာမက၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက် ပါတယ်။

ဒီတော့ ဆွေးနွေးပွဲ ထဲမှာတင် အပြီးသတ် အဆုံး အဖြတ် တွေကို ပေးနိုင်မယ့် သူတွေ တက်နေ ကြတာပါ။ ဒီဆွေးနွေး ပွဲသာ အောင်မြင်ရင် တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် ရပ်ရေးကို ဆက်လုပ် နိုင်ဖို့ မျှော်လင့်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပွင့်ပွင့် လင်းလင်း ပြောခဲ့ပါတယ်။

ဒီလို အောင်မြင်ဖို့ အတွက် လောလောဆယ် အဓိက လိုအပ် နေတာက တိုက်ပွဲတွေ ရပ်ရေးပါ။ ဒီအတွက် ပဋိပက္ခ ဖြစ်နိုင်တဲ့ နေရာတွေမှာ စောင့်ကြည့် နိုင်ရေး ကို ဒီပွဲမှာ ဆွေးနွေး ချင်တယ်လို့ ကေအိုင်အို အဖွဲ့ခေါင်း ဆောင်ဦးဆွမ်လွတ်ဂမ်က ပြောပါတယ်။ စောင့်ကြည့်လေ့လာရေး အပြင် နှစ်ဖက် တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေကို တပ်ခေါင်းဆောင်တွေ အချင်းချင်း သီးသန့် ဆွေးနွေး ချင်တယ် လို့လည်း ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဆွေးနွေးပွဲ မစခင်မှာ ပြောခဲ့ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲ အပြီး မေးကြည့်တဲ့ အခါမှာတော့ နိုင်ငံရေး အရ ဆက်ဆွေးနွေး ချင်တယ် ဆိုတဲ့ မူကို နှစ်ဘက် အတည်ပြု နိုင်ခဲ့တယ် ဆိုတာ လောက်ကိုသာ ပြောပြခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ရှိပေမယ့် ပအို့ဝ် အဖွဲ့တော့ ရောက်မလာပါဘူး။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီယားနဲ့ တရုတ် သံရုံး ဒုတိယ အကြီးအကဲ မစ္စတာလူဂျီ တို့ကတော့ စီစီတီဗွီ ရုပ်မြင်သံကြား ကနေ စောင့်ကြည့်မယ်လို့ မူလက စီစဉ်ခဲ့ကြ ပေမယ့် အစည်း အဝေး ခန်းမ ထဲမှာ တက်ရောက် ခဲ့တာ တွေ့ရပါတယ်။

အစည်းဝေးနဲ့ ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်ကို တိတိ ကျကျ မသိရ ပေမယ့် မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ ကေအိုင်အိုနဲ့ ကချင် လူထု တွေ့ဆုံပွဲ တခု ကျင်းပဖို့ ရှိနေပြီး၊ မေလ ၃၀ ရက် နေ့ မှာတော့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ် လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ