KIO နဲ့ အစိုးရကြား စစ်ရေး ကိစ္စ ဆွေးနွေး

Image caption KIOနဲ့ အစိုးရကြား စစ်ရေး ဆွေးနွေးမှု အဆင်ပြေတယ်လို့ ဆို

KIO ကချင် လွတ်လပ်ရေး အဖွဲ့ နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ မြစ်ကြီးနားမြို့မှာ တွေ့ဆုံ ဆွေးနွေး နေရာမှာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ စစ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေး ကိစ္စရပ်တွေကို ဆွေးနွေးပြီးသွားပြီ ဖြစ်ကြောင်းနဲ့ မနက်ဖြန် ကြာသပတေးနေ့မှာ အပြီးသတ် ဆွေးနွေးဖို့ ရှိကြောင်း အစိုးရ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာ လွှဲအပ်ခြင်း ခံထားရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

အဲဒါတွေ ပြီးရင် ကြေညာချက် ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

လောလောဆယ် ဆွေးနွေးခဲ့ပြီးသမျှ အားလုံး အဆင်ပြေကြောင်းနဲ့ တိုးတက်တဲ့ လက္ခဏာ တွေ့ခဲ့ရကြောင်း သူက ထုတ်ဖေါ် ပြောသွားပါတယ်။

အစည်းအဝေး မစခင် KIO ဘက်က တောင်းဆိုထားတဲ့ အချက်တချက် ဖြစ်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ဒေသ တချို့မှာ စောင့်ကြည့် လေ့လာရေး ရုံးတွေ ဖွင့်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကိုလည်း အဲဒီ ဆွေးနွေးပွဲမှာ ဆွေးနွေးသွားပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား အခု မြစ်ကြီးနားမြို့ ဆွေးနွေးပွဲဟာ ပထမဆုံး အကြိမ် ပြည်တွင်းမှာ ပြုလုပ်တာ ဖြစ်ပြီး ကေအိုင်အိုနဲ့ အစိုးရကြားမှာ ၈ ကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။