လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

  • 29 မေ 2013
Lashio Conflict
Image caption လားရှိုးမြို့ထဲက စျေးဆိုင် အများအပြား ပိတ်ထားကြ

လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အင်္ဂါနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တချို့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ စျေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့ အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ စျေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။

ဒီပဋိပက္ခဟာ အင်္ဂါနေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။

အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ