မြန်မာ့စီးပွားရေး အနှစ် ၂၀ မှာ လေးဆတိုးနိုင်

  • 30 မေ 2013

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စီမံခန့်ခွဲမှု ကောင်းရင် စီးပွားရေးပမာဏဟာ လာမယ့် အနှစ် ၂၀ မှာ လေးဆ တိုးလာနိုင်တယ်လို့ စီးပွားရေးဆိုင်ရာ အစီရင်ခံတစောင်က ဖေါ်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမျာ အခြေစိုက်တဲ့ McKinsey & Company စီးပွားရေး အတိုင်ပင်ခံ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ အနာဂတ် စီးပွားရေး အလားအလာတွေကို သုံးသပ် အကြံပြုထားတဲ့ “Myanmar’s moment: Unique opportunities major challenges” မြန်မာစီးပွားရေး အခွင့်အလမ်းတွေနဲ့ အဓိက စိန်ခေါ်မှုများ ဆိုတဲ့ အစီရင်ခံစာထဲမှာ မြန်မာ့စီးပွားရေးပမာဏဟာ ၂၀၁၀ ပြည့်နှစ်က မှာ ဒေါ်လာ ၄၅ ဘီလီယံ ရှိခဲ့ရာက ၂၀၃၀ပြည့်နှစ်မှာ ဒေါ်လာဘီလီယံ ၂၀ဝ အထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

နောက်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ မသက်ဆိုင်တဲ့ တခြား ကဏ္ဍတွေမှာ အလုပ်အကိုင်ပေါင်း (၁၀)သန်းအထိ ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုခန့်မှန်းထားတာတွေဟာ လက်တွေ့မှာ ဘယ်လောက်ထိ ဖြစ်နိုင်ပါသလဲ၊ ဦးခင်မောင်ညို( ဘောဂဗေဒ)က အရင် ခေတ်အဆက်ဆက်မှာ အစိုးရက ထိန်းချုပ်တဲ့ ကဏ္ဍက ရှိခဲ့ပေမယ့် အခုအစိုးရ လက်ထက်မှာ လုပ်ငန်းချောမွတ်အောင် လုပ်ပေးရတဲ့ ကဏ္ဍ ကို ပြောင်းလာပြီဖြစ်လို့ အစိုးရအတွက် အဓိက စိန်ခေါ်မှု ဖြစ်တယ်။

ပုဂ္ဂလိက လုပ်ငန်းတွေအနေနဲ့လည်း ပြည်ပက လုပ်ငန်းတွေကို ပြိုင်ဆိုင်ဖို့ ပြင်ဆင်ထားပြီး၊ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းအောင် လုပ်ဖို့လိုသလို နိုင်ငံခြားက လုပ်ငန်းတွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု စွမ်းရည်ဟာ တခြား အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေတာကြောင့် အခု အခင်းအကျင်းသစ်အရ ရရှိလာနိုင်မယ့် နည်းပညာနဲ့ အရင်းအနှီးတွေကိုသုံးပြီး အလုပ်သမားတွေရဲ့ စွမ်းရည်မြင့်မားလာအောင် လုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာမှာ အရင် သိပ်အလေးမထားခဲ့တဲ့ကဏ္ဍ ၄ ခုကို အလေးထားဆောင်ရွက်မယ်ဆိုရင် စီးပွားရေး တိုးတက် မှုတွေ ရှိလာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒါတွေက မိုဘနိုင်းဖုံးနဲ့ အင်တာနက်လို ဒစ်ဂျယ်တယ် နည်းပညာကို အသုံးပြုဖို့၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အခြေပြုတဲ့ စီးပွားရေးကနေ ကုန်ထုတ်လုပ်မှုကို အခြေပြုတဲ့ စီးပွားရေးကဏ္ဍကို ပြောင်းဖို့ ၊ ကျေးလက်ကနေ မြို့ပြကို ပြောင်းရွေ့လာမယ့် လူတွေအတွက် ပြင်ဆင်ဆောင်ရွက်ထားဖို့၊ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။