ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား

Kachin Peace Talks
Image caption ပေးထားတဲ့ ကတိ မဖျက်ဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အခိုင်အမာပြော

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

နှစ်ဘက် အပစ် အခတ် ရပ်စဲရေး ဆိုတဲ့ အဆင့်ကို မရောက်သေး ပေမဲ့ တပ်တွေ နေရာချထားရေးနဲ့ နောက်ထပ် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေးကို နှစ်ဘက် စလုံးက သဘော တူညီခဲ့ကြပါတယ်။

မြစ်ကြီးနား မြို့မှာ ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ် အဖွဲ့ ထားရှိပြီး အခု ရရှိခဲ့တဲ့ သဘောတူညီချက်တွေ အကောင် အထည်ဖော်ရေး ဆက်လက် လုပ်ဆောင်ဖို့ လည်း သဘောတူညီခဲ့ကြ ပါတယ်။

အခု ဆွေးနွေးပွဲကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် မစ္စတာ ဗီဂျေး နမ်ဘီးယားကတော့ မြစ်ကြီးနား မြို့က မနော ကွင်းမှာ ဆွေးနွေးပွဲ ကျင်းပ နိုင်တာ ကိုက ထူးခြားတယ်၊ ခိုင်မာတဲ့ ငြိမ်ချမ်းရေး ရရှိနိုင်ဖို့ မျှော်လင့် စရာတွေ ရှိလာတယ် လို့ ပြောပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက အခု ရလဒ်ကို ထူးခြားတဲ့ အောင်မြင်မှုလို့ ခေါ်ဆိုပါတယ်။

ဒီသဘော တူညီချက်မှာ ပါဝင်တဲ့ အချက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်က လက်မှတ်ထိုး ခဲ့တဲ့ သဘော တူညီချက် တွေထက် ပိုပြီး ကျယ်ပြန့်တယ်လို့ သူက ပြောပါတယ်။

စောစောပိုင်းက ပြောထားခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး လာမယ့် တစ်လ နှစ်လ အတွင်း ဖြစ်နိုင်ချေ ရှိမရှိ ဘီဘီစီရဲ့ အမေးကို ဝန်ကြီး ဦးအောင်မင်းက အတိအကျ ဖြေဆိုခြင်း မရှိခဲ့ ပေမဲ့ အခု လက်မှတ် ထိုးချိန်က စတင်ပြီး နှစ်ဘက် တပ်တွေ တိုးချဲ့ခြင်း မပြုဖို့နဲ့ တိုက်ပွဲတွေ မဖြစ်အောင် နှစ်ဘက်လုံးက ထိန်းသိမ်း သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် ရပ်ရေးဆိုတာ ကေအိုင်အိုက အရင် တောင်းဆို ခဲ့တာ ဖြစ်လို့ အစိုးရဘက်က ဆောင်ရွက်မယ့် ဆန္ဒကို ကြိုဆိုကြောင်း ပြောပါတယ်။

ဒါပေမယ့် မြန်မြန် ဆန်ဆန် ဖြစ်နိုင်ဖို့ ဆိုတာ ကတော့ နှစ်ဘက် ဆောင်ရွက် နိုင်မှုနဲ့ ပြည်သူတွေရဲ့ ပါဝင်မှု အပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခံရသူ အဖြစ် ဆွေးနွေးပွဲ တက်ရောက် လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကတော့ တပ်မတော် အနေနဲ့ သူတို့ဘက်က ပေးထားတဲ့ ကတိကို ဖျက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ