မြစ်ကြီးနားဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ်ဖြစ်

Kachin Myitkyina
Image caption အပစ်ရပ်ရေး စာချုပ် မချုပ်နိုင်သေးပေမယ့် စစ်အရှိန်လျော့ဖို့ သဘောတူ

မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ် တမျိုး ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစောပိုင်းတုန်းက တိုင်းရင်းသား အဖွဲ့တွေကို ကမ်းလှမ်းခဲ့တုန်းက ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့် ၂ ခု ရှိပြီး တခြားအဖွဲ့တွေက တဆင့်ချင်းအလိုက် လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ကချင် KIO နဲ့ ဆွေးနွေးပွဲ ရလာဒ်မှာတော့ အဆင့် ၂ ဆင့်လုံး ပါဝင်တယ်လို့ ယူဆနိုင်ကြောင်း သူက ထောက်ပြပါတယ်။

ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ့် ကိစ္စမှာတော့ တဖွဲ့ချင်းတွေ့မလား၊ တိုင်းရင်းသား မဟာမိတ် UNFC အနေနဲ့ တွေ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

အစိုးရနဲ့ KIO တို့ကြား မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက် ၇ ချက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ၊ နှစ်ဘက် စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဖွဲ့ဖို့ မူအားဖြင့် သဘောတူတာအပြင် စစ်အရှိန်လျော့ဖို့ပါ သဘောတူ ကြပါတယ်။

အပစ်အခတ် ရပ်စဲရေး စာချုပ်တော့ မချုပ်နိုင်သေးပါဘူး။

ဒါပေမယ့် နှစ်ဘက်စလုံးက အောင်မြင်မှုရဲ့ အစ အဖြစ် လက်ခံကြသလို ဆွေးနွေးပွဲမှာ စောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ထူးထူးခြားခြား တက်ရောက် ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ''ကုလသမဂ္ဂ အနေနဲ့တော့ ဒီလုပ်ငန်းစဉ်ကို ထောက်ခံလာခဲ့တာ အချိန်အတော်ကြာပါပြီ။ တိုက်ရိုက်မဟုတ်ပေမယ့် နှစ်ဘက်စလုံးနဲ့ အဆက်အသွယ် ရှိနေပါတယ်။ နောက်ပြီး တိုက်ရိုက်အနေနဲ့ လူသားချင်း စာနာမှုပိုင်းမှာ စစ်ပြေး ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ပါဝင် ကူညီပါတယ်။ နိုင်ငံရေးကိစ္စတွေမှာလည်း ကျွန်တော်တို့အ နေနဲ့ ကူညီဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက ကျွန်တော်တို့ကို ဘာလုပ် ပေးစေချင်လဲ ဆိုတဲ့အပေါ် မူတည်ပါတယ်''လို့ ဘီဘီစီကို ပြောပါတယ်။