ရခိုင်ပြည်နယ်တွင်းမွေးဖွားနှုန်းကန့်သတ်မှု

rohingya_muslims_
Image caption ဘူးသီးတောင်ဘက် မွေးဖွားနှုန်းကန့်သတ်

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ဘက်မှာ မွတ်ဆလင် မိသားစုတွေ အတွင်း ကလေး နှစ်ယောက် ပဲ ယူရမယ် ဆိုတဲ့ ဒေသန္တရ အမိန့် ကို ပယ်ဖျက်သင့်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ တွေက တောင်းဆို ခဲ့ပါတယ်။ ကုလသမဂ္ဂ မှ ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ် Eduardo del Buey က ကြာသာပတေး နေ့ ဒီတောင်းဆိုချက် တွေ ကို ပြောခဲ့တါပါ။

မြန်မာ အစိုးရ ရဲ့ ပြန်ကြားရေး ဌာနမှ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကတော့ ၁၉၉ဝ ပြည့်လွန် နှစ်တွေ ကတည်းက ဘူးသီးတောင်၊ မောင်တော ဒေသမှာ ဘင်္ဂါလီ အမျိုးသားတွေ အိမ်ထောင်ပြုမယ် ဆိုရင် ဒေသ အာဏာပိုင်တွေ ဆီကနေ ခွင့်ပြုချက် ရမှ အိမ်ထောင်ပြု ရမယ်လို့ သတ်မှတ်ထားတဲ့ အကြောင်းရင်း က၊ အသက် မပြည့်သေးတဲ့ မိန်းကလေး တွေ နဲ့ အိမ်ထောင် ပြုမှု ကို မြန်မာ နိုင်ငံဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး၊ သားဆက်ခြား စီမံချက် တွေ ကြောင့် လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုလို ကလေး နှစ်ယောက် ပဲ မွေးရမယ်လို့ ထုတ်ပြန်ချက် ဟာ ပြည်ထောင်စု အစိုးရ အနေနဲ့ ထုတ်ပြန်တာ မဟုတ်လို့ ပြန်လည် စီစစ်နေကြောင်း လည်း ဦးရဲထွဋ် က ရှင်းပြပါတယ်။ ရခိုင်ကော်မရှင် မှာ ဒေသတွင်းဖြစ် နေတဲ့ လူ ဦးရေ နှုန်းထား မညီမျှမှု ကို ဖြေရှင်းရေး စဉ်းစားရာမှာ လူဦးရေ ကန့်သတ်တဲ့ အကျိုးဆက် ကို ညှိနှိုင်း ကိုင်တွယ် ဆောင်ရွက်ဖို့ အကြံပြုပြီး ဖြစ်ကြောင်း၊ လက်ရှိမှာ တော့ ရခိုင်ကော်မရှင် ရဲ့ အကြံပြုချက် ကို စဉ်းစားတဲ့ အဆင့်ပဲ ရှိသေးတယ် လို့ ဆိုပါတယ်။

ရခိုင်ဒေသ ရဲ့ လူမှုစီးပွား ဘဝ၊ မိသားစု လူမှု စီးပွားဘဝ၊ စတာတွေ အပေါ် မှာ လည်း အခြေပြု အဖြေရှာရမှာ ဖြစ်သလို၊ နိုင်ငံရဲ့ အချုပ်အချာ ပိုင်ဆိုင်ခွင့်၊ တည်ဆဲ ဥပဒေ၊ နိုင်ငံတကာ စံနှုန်း စတာတွေ နဲ့ပါ ကိုက်ညီ အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ ရဲ့ ပြန်ကြားရေး ဌာနမှ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဘီဘီစီ ကို ရှင်းပြသွားပါတယ်။