ရခိုင်NLD ၈ မြို့နယ်က ကလေး ၂ ယောက်မူကို ထောက်ခံ

  • 1 ဇွန် 2013
rakhine
Image caption မောင်တောဘက်မှာ တအိမ်ထောင် ကလေး ၂ ယောက်သာ ယူဖို့ ပြောထား

ရခိုင် ပြည်နယ် အတွင်းက ဒေသ အာဏာပိုင် တွေက ဘူးသီးတောင် မောင်တော မြို့နယ်တွေ အတွင်းမှာ ဘင်္ဂလီ လူမျိုးများ အိမ်ထောင် စုတစုမှာ သားသမီး ၂ ဦး ယူဖို့နဲ့ တကြိမ်သာ လက်ထပ်ဖို့ ဒေသန္တရ အမိန့်ထုတ် ပြန်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၈ မြို့နယ်က ထောက်ခံတဲ့ အကြောင်း သဘောထား ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန် ခဲ့တဲ့ အပေါ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ်ရဲ့ ဥက္ကဌ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် လည်းဖြစ်တဲ့ ဦးညီပုကို ဆက်သွယ် မေးကြည့်တော့ အဲဒီ သတင်းကြား ထဲက မထုတ်ပြန်ဖို့ ပြောထား ခဲ့တဲ့ အကြောင်း ပြောပါတယ်။

အခုလို လုပ်ခဲ့တာကို အဖွဲ့ချုပ်နဲ့လည်း ညှိနှိုင်း တိုင်ပင် ထားတာ မရှိတဲ့ အကြောင်းနဲ့ လှမ်းမေးလို့ ရသလောက် ကျန်တဲ့ မြို့နယ် တွေကလည်း ဒါတွေကို မသိတဲ့ အကြောင်း ပြောပါတယ်။

ပါတီကနေ ခွင့်ပြုချက် မယူဘဲ မြို့နယ်ကနေ သီးသန့် သဘောထား ထုတ်ပြန်လို့ မရတဲ့ အကြောင်းလည်း ပြောပါတယ်။

တအိမ်ထောင် ကလေး ၂ ယောက်မူနဲ့ ပါတ်သက်လို့ ရခိုင်လူထုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ပိုင်းရဲ့ သဘောထား နဲ့ ပတ်သက်လို့ မေးခဲ့ရာ မှာတော့ သိသလောက် ကတော့ အဖွဲ့ချုပ်ရဲ့ သဘောထား အတိုင်းပဲ ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောထား ပြီး ဖြစ်လို့ လူထုကလည်း ဒီအပေါ်မှာ အထွေအထူး ပြောစရာ ရှိမယ် မထင်ကြောင်း ဆိုပါတယ်။

ရခိုင် ပြည်နယ်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွေ ဆက်လက် ရပ်တည်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောနေကြ တာကိုတော့ မဟုတ်မှန် တဲ့အကြောင်း ပြောပါတယ်။ သိသလောက် ဘာမှ မကြား ရကြောင်းနဲ့ အဲဒီကိစ္စ အပေါ်မှာ ထွေထွေထူးထူး မှတ်ချက် ပေးစရာ မရှိတဲ့ အကြောင်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ရဲ့ သဘောထား အတိုင်း ဆက်လက် ရပ်တည်မှာ ဖြစ်ပြီး ရခိုင် အရေး အတွက် တည်ငြိမ် အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးဖို့ အမြန်ဆုံး လုပ်ဖို့ လိုတယ်လို့ ပြောကြားသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ