မလေးရှားမှာ မြန်မာတွေ တိုက်ခိုက် ခံခဲ့ရ

  • 2 ဇွန် 2013
Image caption မလေးရှားနိုင်ငံ ဆီလာယန်းမြို့နယ်မှာ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနားက ဆီလာယန်း မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထား တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးကို ဆေးရုံ တင်ထားရပါတယ်။

သေဆုံးသွားခဲ့သူ နှစ်ဦးဟာ မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ ကိုမင်းဇော်နဲ့ ကိုခိုင်မင်း လို့ သိရပါတယ်။

သေဆုံးသူတွေထဲက တဦး ဖြစ်တဲ့ ကိုမင်းဇော်ဟာ အလုပ်ကအပြန် ဇနီးသည် မှာတဲ့ ဆန်ဝယ်ဖို့ သွားရင်း ကုန်တိုက်တခု ရှေ့မှာ ဓါးနဲ့ အခုတ်ခံခဲ့ရတာလို့ သူ့နဲ့ ရင်းနှီးသူ ကိုစိုင်းကျော်က ဘီဘီစီကို ပြောပြပါတယ်။

နောက်တနေ့မှာလည်း နောက်မြန်မာနိုင်ငံသားတဦး ဖြစ်တဲ့ ကိုခိုင်မင်းလည်း အသတ်ခံခဲ့ရပြီး အနည်းဆုံး လေးဦးကို ဆေးရုံတင်ထားရပါတယ်။

ပြစ်မှု ကျူးလွန်ခဲ့သူတွေဟာ မလေးရှားနိုင်ငံသားတွေလား၊ မြန်မာနိုင်ငံသား တွေလား ဆိုတာကို အသေအချာ မသိရသေးပါဘူး။

မလေးရှားရောက် မြန်မာတွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အကြား ပဋိပက္ခတွေရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

နောက်ထပ် တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတဲ့ မြန်မာ အတော်များများဟာ ဆီလာယန်းမြို့နယ် အနီးက ကပ်ပုမ်း ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေကြပါတယ်။

ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားမှာ ရှိတဲ့ မြန်မာ သံရုံးက ဘာအကူအညီပေးတာမျိုးမှ မရှိပဲ ဘူးလို့ ကပ်ပုမ်း ၇ရက် သားသမီး နာရေး ကူညီစောင့်ရှောက်မှု အသင်း ဥက္ကဌ ကိုဆန်းဝင်း က ပြောပါတယ်။

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးတင်လတ်ကတော့ ဒီဖြစ်ရပ်ဟာ ဘာသာရေး အပေါ် အခြေခံဖြစ်ပွားတာမျိုးမဟုတ်ပဲ ဒုစရိုက်နယ်မြေမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ မြန်မာ့ရုပ်မြင်သံကြား ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။