ဆန်စျေး တက်လို့ ပို့ကုန် သမားတွေ အခက်ကြုံ

  • 3 ဇွန် 2013
Rice
Image caption ပုံမှန်ထက် နှစ်လလောက်စောပြီး ဆန်စျေးတက်နေ

မြန်မာ နိုင်ငံမှာ ဆန်စျေးတွေ တက်လာ နေတဲ့ အတွက် ပြည်ပကို ဆန်တင်ပို့ ကြမယ့် သူတွေ အဖို့ ကုန်ကျစရိတ်နဲ့ ပြန်ဝင်မယ့် ဝင်ငွေ မကာမိ မှာ စိုးရိမ်တဲ့ အခက် အခဲတွေ ရှိနေ ပါတယ်။

လောလောဆယ်မှာ ၂၅ မှတ် ဧည့်မထ ဆန်ကြမ်း စျေးဟာ တအိတ်ကို တစ်သောင်း သုံးထောင် လောက်နေ အခု တစ်သောင်း ငါးထောင် ငါးရာ စျေးအထိ တက်လာ တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်း တွဲဖက် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

စျေးတက် သွားရတဲ့ အကြောင်း တစ်ခုက ပြီးခဲ့တဲ့နှစ် ဘဏ္ဍာနှစ် အတွင်း ပြည်ပကို ဆန်တင်ပို့မှုဟာ ၄၆ နှစ် အတွင်း အများဆုံး တန်ချိန် ၁ ဒဿမ ၄၇ သန်း တင်ပို့ ခဲ့တဲ့ အတွက် မိုးဆန် လက်ကျန် နည်းသွား ခဲ့ပြီး အခုနှစ် နွေဆန် ပေါ်ချိန် ရောက်တော့ အလု အယက် ဝယ်ကြ တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်း အခြေ အနေကြောင့် ရန်ကုန်ကို ဆန်အဝင် နည်းတာက တစ်ကြောင်း၊ စက်မှုဇုံ တွေကို လျှပ်စစ်မီး မပေးလို့ ဆန်စက်တွေ မလည်နိုင်ဘဲ အထွက်လျော့ တာက တစ်ကြောင်း အပြင် ဒေါ်လာစျေး ၁၀ ရာခိုင် နှုန်းလောက် တက်သွားတာ စတဲ့ အကြောင်း တွေကြောင့် ဆန်စျေး တက်သွားတာ ဖြစ်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အခု လက်ရှိ ပြည်ပကို တင်ပို့မယ့် သင်္ဘော နှစ်စီးစာ ဆန်တင်ပို့ပြီးရင် နောက်ထပ် ပြည်ပကို ဆန် တင်ပို့ဖြစ်ဦးမှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

ပုဂ္ဂလိက က အများစုနဲ့ အစိုးရ ကိုယ်စားလှယ် တချို့ ပါဝင်တဲ့ နိုင်ငံတော် အရန်ဆန် ကြီးကြပ်ရေး ကော်မီတီက ကျပ်ငွေ တန်ဖိုး ၁၄ ဒဿမ၅ ဘီလျံ တန်တဲ့ အရန်ဆန် ဝယ်ယူရေး အစီအဉ် လုပ်ထားတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဆန်စျေး ထိန်းညှိဖို့ အတွက် မနှစ်က အရန်ဆန် တွေကို ထုတ်ရောင်း ခဲ့ဖူး သလို အခုလည်း အရန်ဆန် တန်ချိန် သုံးသောင်းကျော် ဝယ်ယူထားပြီး ဖြစ်ကြောင်းနဲ့ အခု ဇွန်လလယ် လောက်မှာ အရန်ဆန် တန်ချိန် ၂၅၀၀ ကို ထုတ်ရောင်းဖို့ စီစဉ် ထားတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ