မလေးမှာ မြန်မာတွေကို တိုက်ခိုက်လို့ ၃ ဦးသေဆုံး

  • 3 ဇွန် 2013

မလေးရှား နိုင်ငံ ကွာလာလန်ပူ မြို့ စာလာယန်း စျေးမှာ အခု ရက်ပိုင်း အတွင်း ရိုက်နှက်မှု၊ ဓါးထိုး မှုတွေ ဖြစ်ပွား ခဲ့လို့ မြန်မာ နိုင်ငံသား အနည်းဆုံး ၃ ဦး သေဆုံးပြီး၊ နောက်ထပ် ၃ ဦး ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံနေရ ပါတယ်။

ဇွန်လ ၃ ရက် နေ့ မနက်ပိုင်းကလည်း စာလာယန်းစျေး အနီးမှာ မြန်မာ နိုင်ငံသား တစ်ဦး အရိုက်ခံ ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မလေးရှား နယ်မြေခံရဲရဲ့ ပြောကြားချက်ကို ကိုးကားပြီး မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ် ကလည်း ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

သံအမတ်ကြီး ကိုယ်တိုင် ဆေးရုံက လူနာတွေကို သွားရောက် ကြည့်ရှု မေးမြန်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ အခု ဖြစ်ရပ်မှာ ဘယ်သူ ဘယ်ဝါရဲ့ လက်ချက် ဖြစ်တယ် ဆိုတာကိုတော့ ရဲက စုံးစမ်း နေဆဲ ဖြစ်ပါတယ်။

အခု ဖြစ်ပွား မှုတွေဟာ မြန်မာ နိုင်ငံက ဘာသာရေး ပဋိပက္ခ တွေနဲ့ ဆက်နွယ်နေတဲ့ အနေ အထားမျိုးလို့ ယူဆ ရပြီး တည်ငြိမ်မှု ရှိအောင် အတွက် ကွာလာလမ်ပူ ရဲတပ်ဖွဲ့၊ UNHCR တို့ ဦးဆောင်ပြီး ဗမာ၊ မွတ်ဆလင်၊ ချင်းနဲ့ တရုတ် လူမျိုး အဖွဲ့ အစည်း တွေက တာဝန်ရှိ သူတွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် ခဲ့တယ်လို့ အစည်း အဝေး တက်ရောက် ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။