နိုင်ကျဉ်းတွေ မရှိစေချင်ဘူးလို့ သမ္မတပြော

  • 4 ဇွန် 2013
U Thein Sein
Image caption အကျဉ်းသားတွေ လွတ်မြောက်ဖို့ သမ္မတ ပြော

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဆောင်ရွက်မယ်လို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ မရှိစေ ချင်ကြောင်း နဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် အဲဒီ အကျဉ်းသားတွေ လွတ်မြောက်ဖို့ အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်နေကြောင်း သမ္မတက ပြောပါတယ်။

ယခင် ခေတ်အဆက်ဆက်က ရှုတ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးအမှု မကွဲပြားခဲ့တာတွေကို အခုချိန်မှာ စိစစ်နေရတဲ့ အတွက်ကြောင့် အချိန်ယူ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်စိန်က ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဌေးကြွယ်ကတော့ သမ္မတက ဒီလို အာမခံ ပြောကြားတဲ့အပေါ် ကြိုဆိုကြောင်း၊ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အားလုံးကို တသုတ်ချင်း လွှတ်နေခြင်းထက် အကုန်လုံးကို ခြွင်းချက် မရှိ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ပြောပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ပုဒ်မ ၄၀၁ နဲ့ လွှတ်တဲ့အပေါ်မှာလည်း သမ္မတက လက်နက်သဖွယ် နိုင်ငံရေးအမြတ်ထုတ်ဖို့ မရှိဘူးလို့ ပြောပေမယ့် မကြာခင်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပစ်ဒဏ် ပြန်ချမှတ် ခံရတာကို ကြည့်ရင် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အမြဲတမ်း ခြောက်လှန့်ခံနေရတဲ့ အနေအထားက မဖြစ်သင့်ကြောင်း ကိုဌေးကြွယ်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၂၀၀ နီးပါးလောက် ကျန်နေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ဒီအကျဉ်းသား ကိစ္စရပ် အပြင် ပြီးခဲ့တဲ့လ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖြစ်ထွန်းမှုတွေ အကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ