မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ဗြိတိသျှ စစ်ဦးစီးချုပ်ပြော

sir_david_richard
Image caption ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချဒ်

ဗြိတိသျှ စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို အားပေးတဲ့ အနေနဲ့ လုံခြုံရေးဖက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်သွားမယ့် အကြောင်း မြန်မာနိုင်ငံ ကိုရောက်ရှိ နေစဉ်မှာ ပြောကြားခဲ့ ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိ နေစဉ်မှာ ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ် ကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တဲ့ အခါမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှု မျိုးတွေ တွေ့မြင်ရ ဖို့ ရှိသလဲ ဆိုတာကို မေးကြည့်တော့ သူက ခုလိုဖြေပါတယ်။

ဖြေ။ ဒီအတွက်ဘဲ ကျွန်တော် ဒီကို လာခဲ့တာပါ။ အရင်တုန်းက အခြေအနေ တွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ တိုးတက်မှု တွေကို တွေ့မြင် ရပါတယ်။ ဒီတိုးတက်မှုကို ထိမ်းထားဖို့ အတွက် ကျွန်တော်တို့ရဲ့ ကမ္ဘာ့တခြား နေရာ တွေမှာ ရထားတဲ့ အတွေ့အကြုံ တွေကို အသုံးချပြီး လူအများ ကောင်းကျိုးအတွက် ကူညီပေးနိုင်မယ် ဆိုရင် သိပ်ကောင်းမှာပါ။ ကျွန်တော်တို့ ပူးပေါင်း ဆက်ဆံ နိုင်လိမ့်မယ်လို့ ကျွန်တော် အကောင်းမြင် မျှော်လင့် မိပါတယ်။

မေး။ ဒါဆိုရင် ဘယ်လို အပိုင်းတွေမှာ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာကို နည်းနည်းထပ်ရှင်းပြနိုင်မလား။

ဖြေ။ အခုတော့ အစပိုင်းဘဲ ရှိပါသေးတယ်။ ဥပမာအားဖြင့် ကျွန်တော့် ခရီးစဉ် အပြီးမှာ သုံးဦး ပါဝင်တဲ့အဖွဲ့ တခု ဆက်နေခဲ့ပါမယ်။ တဦးကတော့ လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ စစ်တပ်တခု အနေနဲ့ ပုံစံတမျိုးကနေ နောက်ထပ် ပုံစံတမျိုးကို ဘယ်လို အသွင် ကူးပြောင်း မလဲ ဆိုတဲ့ အပိုင်းကို သူက ကျွမ်းကျင်ပါတယ်။ နောက်တယောက် ကတော့ ရဲဖက် ဆိုင်ရာမှာ ကျွမ်းကျင်သူပါ။ ရဲတပ်ဖွဲ့ အနေနဲ့ လက်ရှိ ဆောင်ရွက် နေတာထက် ပိုကောင်းအောင် ဘယ်လို တာဝန် ထမ်းဆောင် နိုင်မလဲ ဆိုတဲ့ အပိုင်းနဲ့ ဆိုင်ပါတယ်။ နောက်တယောက် ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စံနစ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူပါ။ မြန်မာ စစ်ဦးစီးချုပ် ကလည်း သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်အား ထက်သန် နေပြီး သူတို့နဲ့ တွေ့ဆုံ ဖို့လည်း စီစဉ်ထားပါပြီ။ ပြီးတော့ စစ်သံမှူးလည်း အသစ်ခန့်အပ်ဖို့ရှိ ပါတယ်။ ဒီတော့ ပူးပေါင်း ဆက်ဆံခြင်း အားဖြင့် ရှေ့ကို တိုးတက်အောင် လုပ်ပေးနိုင် လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အတူ ဒီလုပ်ငန်းတွေ အားလုံးကို ဆက်လက် ဆောင်ရွက်မှာပါ။

မေး။ ဒီအချိန်ဟာ မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆက်ဆံဖို့ စောသေးတယ်လို့ ထင်တဲ့ သူတွေ အများကြီး ရှိနေ ပါတယ်။ ဗြိတိသျှ စစ်တပ် အနေနဲ့ မြန်မာနဲ့ ဒီအချိန်မှာ ပူးပေါင်း ဆက်ဆံ သင့်တယ်လို့ ဘာကြောင့် ယူဆတာ ပါလဲ။

ဖြေ ။ ဘာကြောင့်လဲ ဆိုတော့ အခု ဖြစ်ပေါ်နေတဲ့ အရှိန်အဟုန်ကို ရှေ့ဆက်ပြီးသွားအောင် ထိန်းပေးတာက၊ နောက်ပြန် လှည့်ပြီး စိတ်ပျက်စရာ အခြေအနေကို ကြုံရတာထက် ပိုကောင်းလို့ပါဘဲ။ ကျွန်တော် တို့ရဲ့အတွေ့ အကြုံ တွေကို မျှဝေ ပေးတာဟာ ပိုပြီး အပြုသဘော ဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ပြောပြ နိုင်တာက၊ ကျွန်တော်ဟာ သမ္မတ အဆင့်ကနေ အောက်ပိုင်း အထိ သြဇာရှိတဲ့သူ အားလုံးကို တွေ့ဆုံ ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် တွေကို အောင်မြင်အောင် ဆောင်ရွက်မယ် ဆိုတဲ့ ပြောဆိုချက် တွေကို ကြားခဲ့ရပါတယ်။ ဒါတွေကို အောင်မြင်အောင် ကျွန်တော်တို့ ဖက်က ဝိုင်းဝန်း ကူညီရမှာဖြစ်ပါတယ်။

မေး။ မြန်မာ သမ္မတနဲ့ တွေ့ခဲ့တယ်။ သူတို့ရဲ့ ပြုပြင် ပြောင်းလဲရေး အပေါ်မှာလည်း ယုံကြည်တယ် လို့ဆိုတော့ သမ္မတ ဦးသိန်းစိန်ဟာ ဒီပြုပြင် ပြောင်းလဲရေး တွေကို အောင်မြင်အောင် ဆောင်ရွက် နိုင်မယ့်သူ လို့ထင်ပါလား။

ဖြေ ။ ကျွန်တော် သူ့အကြောင်း ဘာမှ သိပ်မသိပါဘူး။ ဒါပေမယ့် ကျွန်တော့် အမြင် ကတော့ သူဟာ ရည်ရွယ် ချက်ကောင်းနဲ့ ဆောင်ရွက်နေသူပါ။ သူ့မှာ စိန်ခေါ်မှုတွေ၊ ရှုပ်ထွေးတဲ့ အခြေအနေတွေ အများကြီးနဲ့ ရင်ဆိုင် နေရတဲ့အတွက် အကူအညီ လိုအပ် နေပါတယ်။ ဒီကနေ့ ကျွန်တော် တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို သူတို့လည်း ကြိုဆို ခဲ့ကြသလို ခင်ဗျားမေးတဲ့ မေးခွန်းမျိုး တွေကိုလည်း မေးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်မှာ ရပ်ပြီး ဝေဖန် နေမယ့် အစား တတ်နိုင် သမျှ ကူညီပြီး ပူးပေါင်း ဆောင်ရွက် တာကို သူတို့လည်း လိုလား ကြပါတယ်။

မေး ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့တယ် ဆိုတော့ မြန်မာ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး မြင်ကွင်း ကို ကြည့်ရင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် သူဟာအစိုးရနဲ့ အတူပူး ပေါင်းဆောင် ရွက် နိုင်မယ်လို့ မြင်ပါလား။

ဖြေ ။ ကျွန်တော်ဟာ ဒီအပိုင်းမှာ ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံအကြောင်း ကျွန်တော် လေ့လာ ထားတာ ရှိသလို၊ ဒီကို မလာခင်လည်း လူတွေ အများကြီးနဲ့ တွေ့ခဲ့ပါတယ်။ ဒီအခြေအနေ ကနေ နောက်ပြန် မလှည့် ချင်ဘူး ဆိုတဲ့ တူညီတဲ့ ဆန္ဒတွေ အားလုံးမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု ကြုံတွေ့ နေရတဲ့ ပြဿနာ အခက်အခဲ အားလုံး ကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်း နိုင်မယ်ဆိုရင် အနာဂတ်ဟာ ကောင်းမွန်လိမ့် မယ်လို့ ကျွန်တော်ထင်ပါတယ်။ အစိုးရ ကရော၊ တိုင်းရင်းသား တွေကရော၊ ဒေါ်အောင်ဆန်းစုကြည် ရော၊ အားလုံးက ဒီလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက်ဖို့ သံနိဌာန် တွေရှိ ကြပါတယ်။ ဒါကို ဘယ်လို အားပေး ကူညီ ရမလဲ ဆိုတာ ကတော့ နိုင်ငံတကာရဲ့ အပိုင်းပါ။ ကျွန်တော် တို့မှာ တခြား နိုင်ငံတွေမှာ ရခဲ့တဲ့ အတွေ့အကြုံ တွေအများကြီးရှိတာမို့အလားတူအမှားမျိုးတွေမဖြစ်အောင်လုပ်ရပါမယ်။ ဒီလုပ်ငန်းစဉ်မှာ ကောင်းတာရော ဆိုးတာရော ကြုံရမှာပါဘဲ။ ဒါပေမယ့် လူတိုင်းမှာ ဒီလမ်းကြောင်းကို သွားချင်တဲ့ ရည်ရွယ်ချက်ခြင်း တူကြပါတယ်။ ဒီအတိုင်း အတူသွား နိုင်မယ်ဆိုရင် သိပ်ကိုကောင်းတဲ့ အနာဂတ်ကို ရောက်ပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ