ရွေ့ပြောင်းအလုပ်သမား ရပိုင်ခွင့် အရေး သံရုံးက အကူအညီပေးမယ်

Image caption ထိုင်းရောက် မြန်မာ တရားမဝင် အလုပ်သမားတွေ

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် မြန်မာသံရုံးက အလုပ်သမား အရေး ဆိုင်ရာ သံမှူးဟာ ထိုင်းနိုင်ငံ တာခ် ခရိုင်ထဲက မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ မဲဆောက်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်ဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သိန်းချီရှိပြီး၊ ပြဿနာမျိုးစုံတဲ့ တာခ်ခရိုင်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အင်ဂျီအိုတွေနဲ့ မြန်မာ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း ၃၉ ဖွဲ့နဲ့ တွေ့ဆုံပြီးတော့ အလုပ်သမားတွေရဲ့ အခွင့်အရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်အစိုးရကနေ ပြီးတော့၊ ပြည်ပ အလုပ်အကိုင် ကြီးကြပ်ရေး ကော်မီတီကို ဖွဲ့ပေးထားတယ်လို့ အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်က၊ ထိုင်းအစိုးရ အလုပ်သမားဌာနနဲ့ ပူးပေါင်းပြီးတော့၊ အလုပ်သမားကိစ္စတွေ ဆောင်ရွက်နေတာကို ပြောသွားခဲ့ပါတယ်။

အဲဒီ ဖွဲ့ပေးထားတဲ့ ကော်မီတီရဲ့ လမ်းညွှန်မှုနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးမှုတို့ ပညာရေးတို့ ကျန်းမာရေးတို့ကို ဘယ်လို ကာကွယ် စောင့်ရှောက်နေသလဲ ၊ ကျွန်တော် အနေနဲ့ ကတော့ အလုပ်သမားဘက်ဆိုတော့၊ အထောက်အထား ရှိတာပဲဖြစ်ဖြစ်၊ မြန်မာအလုပ်သမားဆိုရင် ကူညီရမယ်ဆိုတဲ့ ဟာမျိုး၊ နောက်ပြီးတော့၊ သူတို့ရဲ့ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ဘယ်လို ဆောင်ရွက်ပေးနေသလဲ ဆိုတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့်လေး သိစေချင်လို့ ကျွန်တော်လာရောက် ဆွေးနွေးပေးတာဖြစ်ကြောင်း မြန်မာအလုပ်သမားသံမှူး ဦးကျော်ကျော်လွင်က ရှင်းပြခဲ့ပါတယ်။

အလုပ်သမားသံမှူးဟာ သူလုပ်ငန်းစ၀င်ကထဲကနေ အခုအချိန်အထိ၊ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ထိခိုက်၊နစ်နာ၊သေဆုံးသူတွေရဲ့ ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးနိုင်တာတွေကိုလည်း တင်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးနေတာတွေ၊ ရပိုင်ခွင်တွေပြန်ရအောင် အလုပ်သမားသံမှူးနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ အဖွဲ့အစည်းတွေကိုလည်း သူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ထိုင်းနိင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ရရေးအတွက်ကတော့၊ အချိန်ယူရအုံးမယ်လို့ အလုပ်သမားသံမှူးနဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ JACBA အဖွဲ့ ဒါရိုက်တာဦးမိုးကြိုးက ထောက်ပြခဲ့ပါတယ်။

နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာ အလုပ်သမားတွေ အပေါ်မှာ ပိုမို စောင့်ရှောက်တယ်ဆိုတဲ့ နေရာမှာ အလုပ်သမား တယောက် ဒုက္ခရောက်ပြီဆိုရင်၊ သတင်း အချက်အလက်တွေရယူတာ တခု လေးတင် မဟုတ်ဘဲနဲ့ သူ့ကိုနေရာချထားရေးတို့ ကျွေးမွေးရေးတို့ ဒီအလုပ်သမားတွေ ပြန်လည်ထူထောင် နိုင်ရေးအထိ သူ့ဘ၀ ကူညီစောင့်ရှောက်ရေး ဆိုတဲ့အပိုင်းတွေမှာ ကျွန်တော်တို့ အများကြီး လိုပါသေးကြောင်း ၊ အထူးသဖြင့် Safe house လို့ခေါ်တဲ့ လုံခြုံရေး ဂေဟာတွေလည်း မရှိသေးတဲ့ အပြင် တိကျရှင်းလင်းတဲ့ ကာကွယ်စောင့်ရှောက်မျိုး ဆိုတာ အများကြီးလိုပါသေးလို့ ကိုမိုးကြိုးက ပြောပါတယ်။

ပွဲစားတွေနဲ့ ယာယီနိုင်ငံကူး လက်မှတ်လုပ်ရင် ဘတ်ငွေ ၁ သောင်း ၅ ထောင်အထိ ကုန်ကျတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ တင်ပြတာကိုတော့၊ လက်ရှိ ထိုင်းနဲ့မြန်မာ အစိုးရတွေ ပူးပေါင်း ဆောင်ရွက်ပေးနေတဲ့ One Stop Service ရုံးကို၊ ကိုယ်တိုင်သွားပြီး လုပ်မယ်ဆိုရင် ဘတ် ၄၈၀၀ ကျော်ပဲကုန်ကျမယ်လို့ မြန်မာအလုပ်သမား သံမှူးက သူ့နဲ့တွေ့ဆုံဆွေးနွေးတဲ့၊ အဖွဲ့အစည်းတွေက တဆင့်၊ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမားတွေကို တဆင့် သတင်းပါး လိုက်ပါတယ်။