ပုရိန် ရွာမှာ ရဲက ပစ်ခတ်လို့ ၃ ယောက် သေဆုံး

Muslim refugees in Rakhine State
Image caption ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်က အကြမ်း ဖက်မှုတွေကြောင့် အိုးအိမ် စွန့်ခွာ ပြေးရ သူ အများ အပြားရှိ

ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ရွာမှာ မွတ်ဆလင် ဒုက္ခသည်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တို့ အခြေ အတင် ဖြစ်ခဲ့ ရာမှာ လုံခြုံရေး တွေက ပစ်ခတ်လို့ အမျိုးသမီး သုံးယောက် သေဆုံးခဲ့ ပါတယ်။

နောက်ထပ် အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် တို့လည်း ဒါဏ်ရာ ရခဲ့ တယ်လို့ ရဲတပ်ဖွဲ့နဲ့ ရခိုင် ပြည်နယ် ဝန်ကြီး တို့က အတည်ပြု ပြောပါတယ်။

အဲဒီ ပုရိန် ရွာဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ အတွင်း မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ အထဲ ပါတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ အိမ်ခြေ ၂ဝဝ ကျော် အတွက် သက်ဆိုင်ရာ အာဏာပိုင် တွေက တန်းလျား ဆောက်ပေးဖို့ သစ်တွေ ဝါးတွေ ယူလာပေးခဲ့ ချိန်မှာ ကိုယ်နည်း ကိုယ်ဟန်နဲ့ အိမ်တွေ ပြန်ဆောက် ထားပြီး ဖြစ်တဲ့ ဒုက္ခသည် တချို့က မလိုချင်တဲ့ အတွက် လိုချင်တဲ့သူ တချို့နဲ့ အချင်းများ ခဲ့ရာက ပြဿနာ စတင်ခဲ့တာလို့ ရခိုင် ပြည်နယ် အစိုးရ လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောပါတယ်။

နောက်ပိုင်းမှာ လုံခြုံရေးတွေက ပစ်ခတ်မှု ဖြစ်လာ ခဲ့တာလို့ ကိုယ်တိုင် မြင်တွေ့ ခဲ့တဲ့ ဒုက္ခသည် တစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ၃ ယောက်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ မြေမြှုပ် သင်္ဂြိုဟ် လိုက်ပြီ ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်တဲ့ အမျိုးသမီး တစ်ယောက် ကိုတော့ စစ်တွေ ဆေးရုံမှာ တင်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ