ရေတာရှည်အနီး ယာဉ်တိုက်မှု ကြောင့် လူသေ

  • 7 ဇွန် 2013
naypyitaw_highway_
Image caption နေပြည်တော် မှ ရန်ကုန် အဝေးပြေးလမ်းမကြီး

ဇွန်လ ၆ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီး ပေါ်၊ ရေတာရှည် မြို့ အနီးမှာ ယာဉ် တိုက်မှု ဖြစ်ရာမှာ လူ သုံး ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေ ထဲမှာ ဆွစ်ဇလန် နိုင်ငံသား တယောက် ပါဝင်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ရဲ့ ရဲမှူးကြီး က ဘီဘီစီ ကို ပြောပါတယ်။

နေပြည်တော် မှ ရန်ကုန် ဘက်သွားတဲ့ ဗင်ကား နဲ့ ပရာဒို ကားနှစ်စီး ဟာ ပုံမှန် မောင်းနေယင်း ကျော်တက်တဲ့ အနေအထားမှာ ဗင်ကား ရဲ့ အရှေ့ ဘယ်ဘက် ကို ပရာဒို က ဝင်ငြိ ရာက အရှိန်နဲ့ ဗင်ကားက လမ်းဘေး ချောက်ထဲ ကျသလို၊ ပရာဒို က အနီးရှိ ချောင်း ထဲ ထိုးကျကြောင်း ရဲမှူးကြီး က ရှင်းပြပါတယ်။

ဗင်ကားထဲ ပါသူ ခြောက်ယောက် အနက်၊ အမျိုးသမီး နှစ်ယောက် သေဆုံးပြီး၊ အမျိုးသား တယောက် နဲ့ အမျိုးသမီး တယောက် ဒဏ်ရာ ရပါတယ်။ ပရာဒို ကားပေါ်ပါ အမျိုးသားသုံးယောက် နဲ့ အမျိုးသမီး တယောက် အနက် အမျိုးသား တယောက် သေဆုံးရာမှာ အသက် ၈၆ နှစ်ရွယ် ဆွစ်ဇာလန် နိုင်ငံသား ဖြစ်ပြီး NGO အဖွဲ့ဝင် ဖြစ်ကြောင်း၊ မြစ်ကြီးနား က ဆင်းလာပြီး နေပြည်တော် မှာ ဝန်ကြီးဌာန တခု ဝင်တွေ့ အပြီး၊ ရန်ကုန် ဘက် မောင်းလာခိုက် အခုလို မတော်တဆ ကားတိုက်မှု ဖြစ်ကြောင်း ရဲမှူးကြီး က ပြောပါတယ်။

အမြန်လမ်းမကြီးတွေ ပေါ်မှာ၊ အန္တရာယ် ရှိနိုင်တဲ့ နေရာတွေ မှာ၊ အရံအတား ကွန်ကရစ် တိုင်တွေ ရှိပေမယ့်၊ အခုလို အဖြောင့် လမ်းမှာ ဖြစ်ရခြင်းမှာ အရှိန်ပြင်းပြင်း နဲ့ ကား အချင်းချင်း ငြိကြရာက ထိုးကျသွားကြ ပုံ ပေါက်ကြောင်း ပြောပါတယ်။