ကမ္ဘာမှာ ဝင်ဆံ့ ခဲ့တဲ့ စီးပွားရေး ဖိုရမ် ပြီးဆုံး

  • 7 ဇွန် 2013
President U Thein Sein
Image caption စီးပွားရေး ညီလာခံ နောက်ဆုံးနေ့မှာ သမ္မတ ဦးသိန်းစိန် ဆွေးနွေးခဲ့

မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီး ဟာ မြန်မာ နိုင်ငံ အတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲကြီး အဖြစ် သမ္မတ ဦးသိန်းစိန်က ညီလာခံ နောက်ဆုံးနေ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့ ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် ကြာအောင် အထီးကျန် နေခဲ့တဲ့ မြန်မာ နိုင်ငံဟာ အခုမှ ကမ္ဘာ့ မိသားစု ဝင် နိုင်ငံ တစ်နိုင်ငံ ပြန်ဖြစ်လာပြီ ဖြစ်လို့ ဝမ်းသာစရာကောင်းတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ကြုံရတဲ့ အခက် အခဲ တွေထဲမှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက အဓိက ဖြစ်ကြောင်းနဲ့ လောလောဆယ်မှာ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲ ထားနိုင်ပြီ ဖြစ်ကြောင်းလည်း သမ္မတက ပြောခဲ့ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးဖို့ လိုအပ် နေတာတွေကို ဝန်ခံ ပြောဆိုခဲ့ပြီး ပြည်ပက ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာရင်တော့ ဒီလိုအပ်ချက်တွေ ရလာနိုင်တဲ့ အတွက် တိုင်းပြည် အနာဂတ်မှာ မျှော်လင့်ချက်တွေ ရှိလာနိုင် တယ်လို့ လည်း ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

စီးပွားရေး ညီလာခံ တက်ရောက် လာကြတဲ့ ပညာရှင်တွေ၊ နိုင်ငံ့ ခေါင်းဆောင် တွေက မြန်မာ နိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှု တွေနဲ့ အခက် အခဲတွေကို ထောက်ပြ ခဲ့ကြ ရာမှာ မြန်မာ နိုင်ငံအတွင်း ပြောင်းလဲမှု တွေရဲ့ အသီးအပွင့် တွေကို အခြခံ လူတန်းစား အားလုံး အထိ ခံစားခွင့် ရရှိအောင် လုပ်ဆောင်ဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ အများ ပြည်သူ အကျိုး အတွက် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး စီမံကိန်းတွေ လုပ်ဆောင် နေကြောင်းနဲ့ တိုင်းပြည် ချမ်းသာရေးထက် ပြည်သူ အများ ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် အဓိက ဆောင်ရွက်နေတယ်လို့ လည်း ထည့်သွင်း ပြောသွားခဲ့ ပါတယ်။

မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီးမှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက ကိုယ်စားလှယ် တစ်ထောင်လောက် တက်ရောက် ခဲ့ပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာ အပါအဝင် သဘောတူညီချက် တချို့ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ