UNFC နဲ့ အစိုးရ အကြို နိုင်ငံရေး ဆွေးနွေးမယ်

  • 8 ဇွန် 2013
unfc
Image caption အစိုးရနဲ့ ဆွေးနွေးဦးမယ့် UNFC

မြန်မာ အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြိုအဖြစ် ဇွန်လကုန်ပိုင်း လောက်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

အဲဒီအတွက် UNFC ခေါင်းဆောင် တွေအကြားမှာ အရေးပေါ် အစည်းအဝေးလည်း ကျင်းပ ဖြစ်ကြ ပါတယ်။

အစိုးရနဲ့ တွေ့တဲ့ အခါမှာ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတာကို UNFC ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို မေးကြည့်တော့ ဒီဆွေးနွေး ပွဲဟာ အစိုးရနဲ့ နိုင်ငံရေး အရ ဆွေးနွေးဖို့ အကြို ညှိနှိုင်းပွဲ နံပါတ် ၂ ဖြစ်လာ နိုင်ကြောင်း ပြောပါတယ်။ နံပါတ် ၁ ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထဲမှာ ပြုလုပ် ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေ အရတော့ အစိုးရနဲ့ နိုင်ငံရေးပိုင်း ဆွေးနွေးဖို့ အခြေအနေမျိုး မရောက်သေးတဲ့ အကြောင်း ပြောပါတယ်။ တကယ်လို့ UNFC အဖွဲ့ဝင် တွေအကြား တပြေးညီထဲ ဖြစ်ခဲ့ရင်တော့ စနိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

အစိုးရဘက်က ချမှတ်ထားတဲ့ မူတွေ ရှိသလို UNFC ဘက်ကလည်း မူတွေ ချထားပြီး ဖြစ်လို့ ဒါတွေကို ကိုင်ပြီးပဏာမ ညှိနှိုင်းမယ်လို့ ပြောပါတယ်။ ညှိနှိုင်း ကြရာမှာလည်း လွယ်မယ့် အချက်တွေကို ဦးစားပေး ဆွေးနွေးပြီး မှ ခက်ခဲမယ့် ကိစ္စတွေကို နောက်ပိုင်းမှာ ဆွေးနွေးသွားဖို့ စဉ်းစား ထားကြောင်း ပြောပါတယ်။

လွယ်မယ့် ကိစ္စတွေ ဆိုတာကတော့ အစိုးရ ဘက်ကလည်း လိုက်လျောနိုင်မယ့်၊ ညှိနှိုင်းလို့လည်း လွယ်မယ့် အပစ် အခတ် ရပ်စဲ ထားတာ ပိုပြီး ခိုင်မာကာ အာမခံချက် တွေ ရှိဖို့ ၊ တခါ အပစ်ရပ် စာချုပ်တွေ အရ ပြည်ထောင်စု အစိုးရက လိုက်ပါ လုပ်ဆောင် အကောင်အထည် ဖော်ရမယ့် အချက်တွေကို လိုက်ပါ ဆောင်ရွက်ဖို့ ဖြစ်ကြောင်း ၊ ပြည်ထောင်စု တဝှမ်း အပစ်ရပ် ကြေညာ ပေးတာမျိုး နဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာမျိုးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ အထွေထွေ လွတ်ငြိမ်းခွင့်ကို မကြေညာနိုင်ရင် တောင်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလ အတွင်း UNFC ခေါင်းဆောင်တွေ သွားရေး လာရေး အဆင်ပြေအောင် ခေါင်းဆောင်တွေ အပေါ်မှာ လွတ်ငြိမ်းခွင့် ကြေညာ ပေးဖို့ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆွေးနွေးပွဲဟာ နိုင်ငံရေး ပြေလည်မှု ရအောင် အပစ်ရပ်စဲရေး ခိုင်မာမှုကို ဦးတည်စေမယ့် ကိစ္စ ဖြစ်တဲ့ အတွက် ပြည်ထောင်စု အစိုးရ ဘက်ကလည်း လိုက်လျော လိမ့်မယ်လို့ ယူဆထားတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ